ကုလားကုတ်ကျွန်းတွင် လေပြင်းတိုက်ပြီး ငါးလှန်းစင်များပျက်စီးသွားသဖြင့် ရေလုပ်ငန်းရှင်များ အခက်ကြုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းရှိ ကုလားကုတ်ကျေးရွာအုပ်စု၊ အပေါ်ဆိပ်ကျေးရွာ(ပသျှူးချောင်း)မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပင်လယ်ဒီရေတက်ချိန် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်ခဲ့တာကြောင့် ကျွန်းအတွင်းရှိ ငါးလှန်းစင် လေးပုံတစ်ပုံလောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေလုပ်ငန်းရှင်တွေ အခက်ကြုံနေရပါတယ်။
လူနေတဲအိမ်နဲ့ ငါးလှမ်းစင်တွဲလျက် ၂၂ စင်၊ လူနေတဲအိမ် ၂၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လှိုင်းကြီးမှုကြောင့် ဩဂုတ် ၈ ရက်နေ့မှသာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူကယ်/ပြန်ဌာနနဲ့ တပ်မတော်တို့က တပ်မတော်ရေယာဉ်နဲ့ ထောက်ပံ့ငွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို လာရောက်ပေးအပ်နိုင်ခဲ့ပေမယ့် လုပ်ငန်းရှင်တွေအတွက်ကတော့ အကူအညီမပါဝင်ခဲ့ပါဘူး။
ကုလားကုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသောင်းစိန်က “ရွာက ငါးလှန်းစင် လေးပုံတစ်ပုံ လောက်ကတော့ ပျက်စီးသွားတယ်။ ကနဦးတော့ နယ်မြေခံတပ်မတော်က ထောက်ပံ့ပစ္စည်းတွေနဲ့ လုပ်အားပေးတယ်။ တဲအိမ် ၁၃ လုံးအတွက်တော့ ငွေကြေးနဲ့ပစ္စည်းတွေရထားပြီးပြီ၊ ကျန်တဲ့ အိမ်တွေအတွက် တင်ပြထားဆဲလို့သိရတယ်၊ ၂ နှစ်ဆက်တိုက် အခုလို ဆုံးရှုံးမှုတွေအတွက် လုပ်ငန်းရှင်တွေ စိတ်ဓာတ်ကျနေကြပါပြီ၊ နိုင်ငံတော်အနေနဲ့ အကူညီပေးဖို့တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ရေလုပ်သားတွေနေထိုင်ရေးအတွက် လုပ်ငန်းရှင်တွေက စောင့်ရှောက်ပေးထားပြီး လုပ်ငန်းရှင်တွေအနေနဲ့ ပြန်လည်ရပ်တည်ဖို့အတွက် အခက်အခဲ အများကြီးကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမိုးဝင်းက “အခိုင်အမာဆောက်ထားတဲ့စင်တွေတောင် ပြိုပါတယ်။ ဆုံးရှုံးမှုက မနှစ်ကရော ဒီနှစ်ကရောဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီ၊ သက်ဆိုင်ရာကလည်း ဒါကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနေအိမ် ၁၃ လုံးအတွက် ဆရာတော်အရှင်ဆေကိန္ဒက ငွေကျပ် ၄ သိန်းစီအပါအဝင် မွန်ပြည်နယ်အစိုးရ၊ တပ်မတော်နဲ့သက်ဆိုင်ရာက လိုအပ်တဲ့ထောက်ပံ့ပစ္စည်းတွေ လက်ရောက် ပေးအပ်ခဲ့သလို နောက်ထပ်လူနေအိမ်တွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ တင်ပြထားပါတယ်။
လူဦးရေ ၅၀၀၀ ကျော်နေထိုင်တဲ့ အဲ့ဒီကျွန်းမှာ ကမ်းနီးကမ်းဝေးရေလုပ်ငန်းလုပ်ကိုင်သူ ၁၀၁ ဦးရှိပြီး ငါးလှန်းစင်တွေ ပျက်စီးဆုံးရှုံးမှုအတွက် အစိုးရရဲ့ ထောက်ပံ့မှုအစီအစဉ်ကိုမသိရသေးပါဘူး။
သတင်း - ဝင်းနိုင်သက်