အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းအပေါ် စာနယ်ဇင်းကောင်စီ အကြံပြု
DVB
·
June 9, 2013
အများပြည်သူဝန်ဆောင်မှုမီဒီယာအနေနဲ့ သတင်းစာထုတ်ဝေဖြန့်ချိရာမှာ ကုန်ကျစရိတ်ကို ပြည်သူဘဏ္ဍာငွေမှ ၇၀ ရာခိုင်နှုန်း သုံးစွဲမယ့်အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) က ကန့်ကွက်လိုက်ပါတယ်။
ဇွန် ၈ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်း ရှင်းလင်းပွဲမှာ တင်ပြတဲ့အကြံပြုချက်မှာ ကန့်ကွက်လိုက်တာဖြစ်ပြီး မိမိသတင်းစာရောင်းရငွေနဲ့ သတင်းစာကနေရတဲ့ ကြော်ငြာငွေဖြင့်သာ ရပ်တည်သင့်တယ်လို့ အကြံပြုထားပါတယ်။
နိုင်ငံတကာမှာ ပြည်သူဘဏ္ဍာငွေနဲ့ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်တာမရှိတဲ့အတွက် အများပြည်သူ ၀န်ဆောင်မှုမီဒီယာမှာ ပုံနှိပ်မီဒီယာ ထည့်သွင်းခြင်းကိုလည်း ကန့်ကွက်ထားပါတယ်။
ပြည်သူ့ဘဏ္ဍာငွေနဲ့ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကျန်လျော့ပေါ့ခွင့်တွေကို ရယူ လုပ်ဆောင်မယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာအနေနဲ့ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေ နည်းတူ တပြေးညီ အခွန်ဆောင်သင့်တယ်လို့ အကြံပြုချက်က ဆိုပါတယ်။
အများပြည်သူဝန်ဆောင်မှုမီဒီယာကောင်စီ ဖွဲ့စည်းခြင်းဟာ ရေးဆွဲဆဲဖြစ်တဲ့ သတင်းမီဒီယာဥပဒေတွင် ပါရှိမယ့် သတင်းမီဒီယာကောင်စီနဲ့ အပြိုင်သဘောဖြစ်နေတဲ့အတွက် မသင့်တော်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ကို အမြောက်အမြားသုံးစွဲပြီး အများပြည်သူ ၀န်ဆောင်မှုမီဒီယာအနေနဲ့ ကောင်စီကော်မတီများစွာကို ထပ်မံဖွဲ့စည်းဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။
သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်များ၊ တာဝန်များနဲ့ အခွင့်အရေးများကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက အသေးစိတ်ရေးဆွဲထားပြီး ဖြစ်တဲ့အတွက် အများပြည်သူဝန်ဆောင်မှုဥပဒေမှာ သီးခြားထပ်မံဖော်ပြဖို့ မလိုအပ်ဘူးလို့ အကြံပြုထားပါတယ်။
အများပြည်သူဝန်ဆောင်မှုဥပဒေကြမ်းဟာ ဥပဒေပုံစံမဟုတ်ဘဲ မိမိလိုအပ်ချက်တွေကို စုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ရှိပြီးသားဥပဒေတွေကို ထိခိုက်နေတယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ အကြံပြုချက်မှာ ပါရှိပါတယ်။