ဖားကန့်တွင် ရေကြီးရေလျှံပြီး မိန်းကလေးငယ် ၁ ဦး ရေထဲမျောပါပျောက်ဆုံးနေ
နန်းမြနဒီ
·
August 11, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ မနေ့က မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါရေကြီးမှုကြောင့် လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံ/မဒဲန်ယန်ကျေးရွာက အသက် ၄ နှစ်ရွယ် မိန်းကလေး ၁ ဦးရေထဲမျောပါသွားပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဆိုပါ ကလေးငယ်ကို ဒီကနေ့ထိ ဆက်လက်ရှာဖွေနေပါတယ်။
ကလေးငယ်မှာ ရေမဆေးကျောက်ရှာဖွေရေးလုပ်သား ဦးဇော်လင်းထွန်းနဲ့ ဒေါ်သန်းသန်းရင် တို့ရဲ့ ၄ နှစ်ရွယ် အမွှာသမီးငယ် ၂ ယောက်ထဲက မငြိမ်းလင်းလင်းသွယ်ဖြစ်ပြီး မနေ့မနက် ၉ နာရီ လောက်က အိမ်ရှေ့မြောင်းအနီး ဆော့ကစားနေစဉ် ရေစီးသန်လာကာ ရေမြောင်းထဲမျောပါသွား တာလို့ လုံးခင်းနယ်ထိန်းရဲတပ်ဖွဲ့ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရေနုတ်မြောင်းက မကြီးပါဘူး။ အကျယ်က ၂ ပေလောက်ပဲရှိတယ်၊ အနက်ကလည်း ၁ တောင်လောက်တောင် မရှိပါဘူးဗျ။ ဒါပေမဲ့ မိုးကြီးတော့ ရေစီးသန်ပြီးမျောပါသွားတာ၊ အမွှာညီ အမ နှစ်ယောက်ဆော့ကြရင်းနဲ့ တစ်ယောက်က ပါသွားတာ၊ အဲဒီတုန်းက သူတို့အဖေက ညဘက် ရေမဆေးကျောက်ရှာထားတော့ ပင်ပန်းပြီး အိပ်နေတာ၊ အမေက နောက်ဖေးမှာ ထမင်းဟင်းချက် နေတာ၊ ကလေးရေထဲမျောသွားတာသိသိချင်း အုပ်ချုပ်ရေးရုံးကိုအကြောင်းကြားတယ်။ အုပ်ချုပ်ရေးက လူမှုကူညီရေးအဖွဲ့နဲ့ သက်ဆိုင်ရာကို အကြောင်းကြားတော့ အဲဒီမှာ နှလုံးလှပ ရဟိတအဖွဲ့ရော၊ ရွက်စ်ကျူးအဖွဲ့၊ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေရော အားလုံးဝိုင်းပြီးရှာကြတယ်။ အဲဒီရေနုတ်မြောင်းက ဆန်ခါချောင်း ထဲစီးဝင်တယ်။ ဆန်ခါချောင်းရေကနေ ဥရုမြစ်ထဲစီးဝင်တယ်။ ရေစီးကြောင်းတလျှောက် လိုက်ရှာကြတာ မိုးကရွာ၊ ရေစီးကသန်တော့ ရှာဖွေရတာအခက်အခဲရှိတယ်။ မနေ့က တနေကုန်လည်း မတွေ့ဘူး။ ဒီကနေ့လည်း လက်မလျှော့ဘဲ ဆက်ရှာနေကြတုန်းပါဘဲခင်ဗျာ။”
မနေ့ကမိုးကြီးတာကြောင့် လုံးခင်းကျေးရွာလမ်းမကြီးတလျှောက်နဲ့ ရပ်ကွက်တချို့မှာ ရေတွေဝင်ပြီး အမြင့် ၂ ပေလောက်တက်လာလို့ သွားရေးလာရေးခက်ခဲခဲ့ကြောင်း၊ ရေက နေ့ခင်း ပိုင်းမှာ စဝင်ပြီး ည ၁၂ နာရီနောက်ပိုင်း တဖြည်းဖြည်းပြန်ကျသွားလို့ ဒီမနက်မှာတော့ ပုံမှန်ပြန်ဖြစ်နေပြီး ပျက်စီးဆုံးရှုံးမှုတွေမရှိဘူးလို့ လုံးခင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အလားတူ ဖားကန့်မြို့ပေါ်ရှိ မြို့မရပ်၊ အေးမြသာယာ၊ ငှက်ပျောတောနဲ့ မရှီကထောင် စတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း မနေ့ညနေ ၃ နာရီလောက်က ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး ဒီနေ့ မနက် ၁ နာရီလောက်ကစ ရေတဖြည်းဖြည်းနဲ့ ပြန်ကျလာပြီဖြစ်ကာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိဘဲ အိုးခွက်ပန်းကန်တချို့သာ ရေထဲမျောပါသွားတယ်လို့ ဖားကန့်နယ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်အာကာမင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝဝန်းကျင်ပျက်စီးကာ ရေ ကြီးရေလျှံမှုဒဏ်ကို နှစ်စဉ်ခံနေရပါတယ်။
ဒီနှစ်မိုးတွင်းမှာတော့ ဆိုးဆိုးရွားရွားရေကြီးရေလျှံတာတွေ မရှိသေးပေမယ့် အတွေ့အကြုံရှိတဲ့အတွက် ဖားကန့် ပြည်သူတွေကတော့ ကြိုတင်ပြင်ဆင်မှုနဲ့ သတိထားပြီး နေထိုင်နေကြရပါတယ်။
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်