ပီယာလိုဟာ ဇီဒန်းလိုမျိုး အောင်မြင်မှုတွေ ရယူနိုင်တဲ့ နည်းပြတဦးပါ – ဒယ်လ်ပီယာရို

ဂျူဗင်တပ်စ်နည်းပြသစ် အင်ဒရီယာပီယာလိုဟာ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းလိုမျိုး အောင်မြင်မှု ရယူနိုင်မယ့်သူ ဖြစ်တယ်လို့ ဂျူဗင်တပ်စ် ဂန္ထဝင်ကစားသမား ဒယ်ပီယာရိုက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ဩဂုတ် ၇ ရက်က လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားခဲ့အပြီးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရတာကြောင့် ဂျူဗင်တပ်စ်အသင်းဟာ နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ယူ-၂၃ အသင်းကို တာဝန်ယူနေတဲ့ ပီယာလိုကို နည်းပြအသစ်အဖြစ် အစားထိုးလိုက်ပါတယ်။  နည်းပြအတွေ့အကြုံ နုနယ်သေးတဲ့ ပီယာလိုနဲ့ အစားထိုးခဲ့ခြင်းအပေါ် အားလုံးက အံ့အားသင့်ခဲ့ရပြီး  ဒီထဲမှာ သူကိုယ်တိုင်လည်း ပါဝင်နေတယ်လို့ ဒယ်ပီယာရိုက ဝန်ခံပါတယ်။ ဒါပေမဲ့ ဂျူဗီကွင်းလယ်လူဟောင်းဟာ ရီးရဲလ်အသင်းမှာ ဇီဒန်း ရရှိခဲ့သလိုမျိုး အောင်မြင်မှုမျိုးကို ရနိုင်သူလို့ အယ်ပီယာရိုက ပြောပါတယ်။ “သူတို့နှစ်ဦးကို နှိုင်းယှဉ်မှုဟာ မမျှတမှန်းတော့ သိပါတယ်။ ဇီဒန်းဟာ ရီးရဲလ်အသင်းကြီးကို မရောက်ခင် လူငယ်အသင်းကို တာဝန်ယူခဲ့ပြီး အန်ဆယ်လော့တီရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပီယာလိုမှာလည်း ဇီဒန်းထက်သာတဲ့ အောင်မြင်မှုမျိုးတွေရရှိဖို့ အရည်အချင်းတွေ ရှိပါတယ်။ သူဟာ အသင်းအကြောင်း၊ ကစားသမားတွေအကြောင်းအပြင် ဒါရိုက်တာတွေနဲ့ပါ ရင်းနှီးနေပြီး ဖြစ်တာကြောင့် အပြန်အလှန်ဆက်သွယ်ရာမှာ ပြဿနာမရှိနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ နည်းပြဖြစ်လာမယ်လို့လည်း ကျနော် မထင်ခဲ့ပါဘူး။ အံ့အားသင့်ခဲ့ရတဲ့လူတွေထဲမှာ ကျနော်လည်း ပါပါတယ်။ သူ့ကို လူငယ်အသင်းနည်းပြအဖြစ် ခန့်တဲ့အပေါ်မှာ ကျနော်လည်း ပီတိဖြစ်မိပါတယ်။ သူ အဲဒီနေရာကနေ နည်းပြဘဝကို အစပြုဖို့ ဆိုတာလည်း မှန်ကန်ပါတယ်။ ဒါပေမဲ့ အဆင့်တွေကျော်သွားတော့ သူ့အတွက် ကံကောင်းပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ အင်တာမီလန်အသင်းနဲ့ ၁ မှတ် အကွာကနေ ရာသီကုန်ဆုံးနိုင်ခဲ့ပြီး  စီးရီးအေဖလားကို ၉ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ လာဇီယိုနဲ့ အတ္တလန္တာအသင်းတို့ကြောင့် အခုနှစ် စီးရီးအေပြိုင်ပွဲဟာ အရင်ကထက် ပိုပြီးတော့လည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရခြင်း၊ ဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းအပြင် အသင်းရဲ့ အဓိကကစားသမားအဖြစ်တဲ့ ရော်နယ်ဒိုကို ပြင်သစ် အင်အားကြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နည်းပြသစ် ပီယာလိုအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up