ချဲလ်ဆီး တောင်ပံကစားသမား ဝီလီယံ ပရိသတ်များကို နှုတ်ဆက်စကားပြော

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပရိသတ်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။  ချဲလ်ဆီးအသင်းမှာ  ၇ နှစ်ကြာ ကစားခဲ့တဲ့ ဝီလီယံဟာ လူမှုကွန်ရက်ပေါ်မှာ နှုတ်ဆက်စာ တစောင် ရေးသားခဲ့ပြီး အားပေးမှုတိုင်းကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။  အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်ကစားသမားနဲ့ ချဲလ်ဆီးအသင်းရဲ့ စာချုပ်ဟာ အခု နွေရာသီမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။   အသင်းဘက်က စာချုပ်ကို သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ၃ နှစ်စာချုပ်ချုပ်လိုတဲ့ ကစားသမားရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ခဲ့တာကြောင့် သူ့ကို ထွက်ခွာခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။  ဝီလီယံဟာ ကိုဗစ်ကြောင့် ပရီးမီးယားလိဂ်ကို ရပ်နားခဲ့ရာကနေ ပြန်လည်စတင်ပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေရရှိနေတဲ့ ကစားသမားတဦးဖြစ်ပြီး သူ့ကို အာဆင်နယ်အသင်းက ၃ နှစ်စာချုပ်နဲ့ ခေါ်ယူတော့မယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ဝီလီယံဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၁ လုံး၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၇ နှစ်အတွင်း သူ့ကို အားပေး၊ ဝေဖန်ခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။  အင်စတာဂရမ်မှာတင်ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ဝီလီယံက “တကယ့်ကိုကောင်းမွန်တဲ့ ၇ နှစ်ကာလပါပဲ။ သြဂုတ် ၂၀၁၃ မှာ ချဲလ်ဆီးအသင်းက ကျနော့်ကို ကမ်းလှမ်းခဲ့ပြီးတော့ ဒါဟာ ကျနော် သွားကစားရမယ့်နေရာလို့ သိနေခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း သိခဲ့ရပါပြီ။ ဒီကာလအတွင်းမှာ  ပျော်စရာတွေ၊  စိတ်မကောင်းစရာတွေအပြင် ဆု ဖလားတွေလည်း ရှိခဲ့ပါတယ်။ ဆုဖလားတွေအပြင် ကျနော်ဟာ ပိုကောင်းတဲ့ကစားသမားအဖြစ်၊ ပိုကောင်းတဲ့လူတဦးအဖြစ်လည်း တိုးတက်လာခဲ့တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ အဲဒီအတွက် ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up