လေဖိအားနည်းရပ်ဝန်း ဩရိဿပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်
DVB
·
August 10, 2020
ဒီနေ့မနက် ၅ နာရီခွဲတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာတော့ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေ ပြင်းများကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက်အထိ ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီ မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း မုတ်သုံလေ အားအသင့်အတင့်ရှိမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။