အမေရိကန်က ပြန်လာသူ အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

အမေရိကန်နိုင်ငံက ပြန်လာတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နေ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
သြဂုတ် ၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၂၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ၂၇၁ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၆၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၀၆၃ ခု အား ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့တာပါ။
လူနာသစ်အမှတ် ၃၆၀ ဟာ အမေရိကန်က ပြန်လာပြီးနောက် မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကို ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၀၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၁၂ ဦးထဲက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၃၀၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၇၃၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်စင်လာသူ ၁၂ ဒသမ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။