မိုးညင်းခရိုင် ကိုယ်စားလှယ်လောင်း ၉၀ တွင် တသီးပုဂ္ဂလ ၃ ဦးပါဝင်
DVB
·
August 8, 2020
လာမယ့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရက်နောက်ဆုံး သြဂုတ် ၇ ရက်နေ့အထိ တင်သွင်းလာသူ အယောက် ၉၀ ဦးရှိပြီး တသီးပုဂ္ဂလ ၃ ဦး ပါဝင်လာတယ်လို့ ကောင်မရှင်ရုံးက သိရပါတယ်။
မိုးညှင်းမြို့နယ် တောင်သူကိုယ်စားပြု တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်မိုးအေးလှိုင်က "တောင်သူတွေဟာ မြေပြင်မှာခက်ခဲနေတယ်၊ ဥပဒေအကာကွယ်မရဘူး၊ ဒါတွေလိုက်ပါဆောင်ရွက်ပေးတာဟာ လွတ်တော်ထဲကနေ ဆောင်ရွက်ရင် ပိုပြီး တိတိကျကျလုပ်နိုင်မယ်ယူဆပြီး တောင်သူက မျှော်လင့်တကြီးနဲ့တင်လိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
"လယ်သမားအရေးဦးစားပေးပြီး ဒုက္ခရောက်နေတဲ့ လယ်သမားတွေ လုပ်ပိုင်ခွင့်ရအောင် ကိုယ့်မြေကိုယ်ပိုင်ရအောင် အလုမခံရအောင် ဖြေရှင်းပေးချင်လို့ ဝင်ပြိုင်တာပါ” လို့ ပြည်နယ်လွှတ်တော်အမှတ် ၂ မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့် ဦးကျော်မင်းအောင်က ပြောပါတယ်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ လယ်မြေဧက၄ သောင်းကျော်ရှိပြီး ကုမ္ပဏီတွေနဲ့ လယ်သမားတွေ လယ်ယာမြေအငြင်းပွားမှု အများဆုံးဖြစ်နေတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင်အတွင်း ပါတီပေါင်း ၁၂ ပါတီရှိပြီး ကိုယ်စားလှယ်လောင်း ၈၇ ဦးကတော့ ပါတီကိုယ်စားပြု ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။