ချဲလ်ဆီးက ဝီလီယံကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် အာဆင်နယ်နီးစပ်
အာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။
ဝီလီယံဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း အဆင်မပြေဖြစ်နေတာပါ။
အာဆင်နယ် အသင်းဘက်ကတော့ ဝီလီယံကို ၃ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး တပတ်လုပ်ခ ပေါင် ၁ သိန်းပေးချေမှာဖြစ်ကာ ကစားသမားဘက်ကလည်း လက်ခံဖို့ ရှိနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ သြဂုတ် ၉ ရက်နေ့ အသက် ၃၂ နှစ်ပြည့်မယ့် ဝီလီယံကို ၂ နှစ်သက်တမ်းတိုးဖို့သာ ကမ်းလှမ်းခဲ့တာကြောင့် ဝီလီယံဘက်က လက်မခံခဲ့တာလို့ သိရပါတယ်။
ဘရာဇီးသား ဝီလီယံဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအတွက် စုစုပေါင်း ၄၇ ပွဲကစားထားပြီး ၁၁ ဂိုးသွင်းယူထားတာပါ။
၂၀၁၃ ခုနှစ်ကတည်းက ရုရှားကလပ် အန်ဇီကနေ ပြောင်းရွှေ့လာတဲ့ ဝီလီယံဟာ ချဲလ်ဆီးနဲ့ စုစုပေါင်း ၃၃၉ ပွဲကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။