Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း မြို့နယ် ၂ ခု အဓိကထားယှဉ်ပြိုင်ရမည်ဟု မွန်ညီညွတ်ရေးပါတီပြော
DVB
·
August 8, 2020
လာမယ့်ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်အတွင်း မြို့နယ် ၂ နယ်ကို အဓိကထားယှဉ်ပြိုင်ရမယ့်ဒေသတွေအဖြစ် သတ်မှတ်ထားတယ်လို့ မွန်ညီညွတ်ရေးပါတီအတွင်းရေးမှူး နိုင်လယီတမက ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပြီး မွန်ပြည်နယ်မှာတော့ မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ်တို့က အဓိကယှဉ်ပြိုင်ရမယ့်ဒေသတွေအဖြစ် သတ်မှတ်ထားတာပါ။ ''မော်လမြိုင်မြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့က အဓိကပြိုင်ရမယ့်ဒေသတွေပါ၊ ကျန်တဲ့မြို့နယ်က အားသာတယ်လို့ ယူဆလို့ရပါတယ်'' လို့ နိုင်လယီတမက ပြောပါတယ်။ ရွေးကောက်ပွဲကြေညာစာတမ်းကိုပြုစုနေပြီး မကြာခင်ကျင်းပမယ့် CEC အစည်းအဝေးမှာ အတည်ပြုပြီးပါက ထုတ်ပြန်သွားမှာဖြစ်ကြောင်း၊ အောင်နိုင်ရေးမဟာဗျူဟာမှာ လုပ်ငန်းစဉ်အသေးစိတ်ရေးဆွဲထားပေမယ့် ကိုဗစ်အနေအထားမှာ ရွေးကောက်ပွဲကျင်းပရမယ်ဆိုပါက အကန့်အသတ်တွေ ပိုများလာမယ်လို့ သူက ပြောပါတယ်။ နိုင်လယီတမက ''ခု အခက်အခဲဖြစ်နေတာက လုပ်ငန်းစဉ်တွေဘယ်လိုရေးဆွဲရမလဲဆိုတာပါ၊ လောလောဆယ် ပြည်ထောင်စုကော်မရှင်ကနေ မဲဆွယ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန် မထွက်သေးလို့ ခက်ခဲနေတယ်။ အဲ့ဒါထွက်လာမှသာလျှင် မဟာဗျူဟာပါလုပ်ငန်းစဉ်တွေကို ပြောင်းလဲရမယ်၊ လောလောဆယ် ဘယ်လိုမဲဆွယ်မလဲဆိုတာကို အဲ့ဒါကိုအခြေခံပြီးလုပ်ရမှာဖြစ်လို့ စောင့်နေတယ်၊ ထုတ်ပြန်သင့်နေပြီလို့ ယူဆတယ်” လို့ ပြောပါတယ်။ မွန်အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ''မွန်အနေနဲ့က အားအကောင်းဆုံးက ရေးမြို့လို့ ထင်ပါတယ်။ အရင်ရွေးကောက်ပွဲတုန်းက မွန်နှစ်ပါတီက မပေါင်းစည်းရသေးပေမယ့် အမျိုးသားနဲ့ ပြည်နယ်က မွန်ရခဲ့တယ်၊ ကျန်တဲ့မြို့နယ်တွေကတော့ ခန့်မှန်းရခက်ပါတယ်။ ပြည်နယ်တွင်းမှာတော့ မွန်နဲ့ NLD နဲ့ပဲ အဓိကအားပြိုင်ရမှာလို့ထင်တယ်”' လို့ ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့က မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။  ရဲနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024