တောင်ဥက္ကလာပ ၇ ရပ်ကွက်၌ လူသတ်မှုကျူးလွန်ခဲ့သူ ၂ ဦးကို ဖမ်းမိ
DVB
·
August 8, 2020
တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်က တိုင်ခန်းမှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေက ဖြစ်ပွားခဲ့တဲ့ လင်မယား ၂ ယောက် အသတ်ခံခဲ့ရတဲ့ လူသတ်မှုမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူ ၂ ယောက်ကို ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ညနေပိုင်းမှာ မင်းရဲကျော်စွာ ၆ လမ်း (ခ)၊ အမှတ်(၁၃၁)၊ (၄)လွှာနေ နေအိမ်အတွင်းမှာ မလှလှနဲ့ ခင်ပွန်းဖြစ်သူ ကိုထွန်းလှိုင် တို့ ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲ့ညွှန်ကြားချက်အရ တာဝန်ရှိသူတွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ သေဆုံးသွားသူမလှလှနဲ့ ဆွေမျိုးနီးစပ် ရခိုင်ပြည်နယ်စစ်တွေမြို့ စဉ့်ကူးလမ်း ဝိသာခါလမ်းမှာနေတဲ့ အောင်ကျော်မြင့်နဲ့ မေယုလမ်းမှာနေတဲ့ ဝင်းမောင်တို့ဖြစ်နိုင်တဲ့ မသင်္ကာဖွယ်ရာ သတင်းစကားတွေကြောင့် သူတို့ကိုဖမ်းမိနိုင်ဖို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ ဇူလိုင် ၃၀ ရက်နေ့က စစ်တွေမြို့ကနေ လေယာဉ်နဲ့လိုက်ပါလာကာ ပြစ်မှုကျူးလွန်ပြီးနောက် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တွေမြို့ကို ပြန်သွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အောင်ကျော်မြင့် (၃၀) နှစ်နဲ့ ဝင်းမောင် (၅၁) နှစ် တို့ကို ဩဂုတ် ၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အမြန်တရားစွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။