Home
မြန်မာသတင်း
ရေနံချက်စက်ရုံတည်ဆောက်မှုကြောင့် ပခုက္ကူချောက်ကန်ရွာမှ တောင်သူများနစ်နာ
DVB
·
August 7, 2020
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ အသေးစားရေနံချက်စက်ရုံ တည်ဆောက်လိုက်တဲ့အတွက် မိရိုးဖလာလုပ်ကိုင်စားသောက်လာတဲ့ မြေတွေ သိမ်းဆည်းခံရလို့ ဒေသခံတောင်သူ ၃၀ ဦးလောက် ထိခိုက်နစ်နာနေတယ်လို့ သိရပါတယ်။ အနောက်ချောက်ကန်ရွာ ဒေသခံတောင်သူ မဟေမာငယ် က "ဘိုးဘွား အစဥ်ဆက် ဒီနေ့ အချိန်ထိ လုပ်ကိုင်စားသောက်လာတဲ့ မြေပေါ်မှာ ရေနံချက်ဖိုဝင်ရောက်လာပြီး လမ်းတွေ ဖောက်၊ ရေကျော်တံတားတွေဆောက်ကာ ဘာမှညှိနှိုင်းဆောင်ရွက်တာတွေ မရှိဘူး"လို့  ပြောပါတယ်။ "အဲဒီလို ညှိနှိုင်းမပေးတဲ့အတွက် သက်ဆိုင်ရာကော်မတီတွေကို တိုင်ကြားခဲ့ပေမယ်လည်း ယနေ့အချိန်ထိ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်မပေးဘူး"လို့ ဆိုပါတယ်။ "မြေစာရင်းဌာနာက ဝန်ထမ်းနှစ်ဦးရောက်လာကာ အသက်ကြီးပြီး မျက်စိမှုန်နေတဲ့ တောင်သူတွေကို စာတိုင်တွေကိုဖတ်မပြဘဲ မြေတိုင်းတာလိုဆိုကာ မြေလွတ်မြေရိုင်းပေါ်မှာ ကျူးကျော်တဲ့ တောင်သူများဆိုတဲ့ စာရွက်ပေါ်မှာ လက်မှတ်ရေထိုးခိုင်းတာတွေ လုပ်တယ်"လို့ ပြောပါတယ်။ "တောင်သူတွေအနေနဲ့ ဘယ်မြေပေါ်မှ ကျူးကျော်တာမဟုတ်ဘဲ ဘိုးဘွားအစဥ်ဆက် လုပ်ကိုင်လာတဲ့မြေပေါ်မှာ လုပ်ကိုင်စားသောက်တာဖြစ်ပြီး ရေနံချက်ဖိုကသာ မိမိတို့ရဲ့ ဘိုးဘွားပိုင်​မြေကို လာရောက်ကျူးကျော်တာ"လို့ ဆိုပါတယ်။ ချောက်ကန်ကျေးရွာ ဒေသခံတောင်သူ ဦးအောင်လတ် က "ရေနံချက်ဖို တည်ဆောက်လိုက် တဲ့ အတွက် တောင်သူ ၃၀ ကျော်ခန့်နစ်နာနေပြီး အစိုးရဘက်က တောင်သူတွေကို ပုံစံ(၇)မြေနေရာ မှားယွင်းတယ်ဆိုပြီးတော့ တရားစွဲဆိုထားတယ်"လို့ ပြောပါတယ်။ "အဲဒီမြေတွေဟာ စစ်အစိုးရလက်ထက်က လဲစီမံကိန်းအတွက်ဆိုပြီး တောင်သူတွေထံက သိန်းယူက ဦးသိန်းပါ ၃ ဦးကို လုပ်ပိုင်ခွင့်ပေးခဲ့ကာ ၄ နှစ်အတွင်စီမံကိန်း မအောင်မြင်ရင် တောင်သူတွေကို ပြန်ပေးမယ်လို့ပြောခဲ့တယ်"လို့ ဆိုပါတယ်။ "လက်ရှိအချိန်မှာ လမ်းပွင့်လာပြီဖြစ်လို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို လျှောက်ထားခဲ့ပေမယ့် ဘာမှဆောင်ရွက်ပေးခြင်းမရှိလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်"လို့ ဆိုပါတယ်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအဖွဲ့ ဥပဒေအထောက်ကူပြု ကိုသန်းနိုင် က "၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ ပြင်ဆင်တဲ့ ဥပဒေအရ မြေလွတ်မြေရိုင်း အသုံးပြုတဲ့အခါ စိုက်ပျိုးမြေတွေပါခဲ့ရင် လုပ်ပိုင်ခွင့် အထောက်ထား မရှိပေမယ့်လည်း စိုက်ပျိုးတဲ့တောင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ပြဌာန်းထားပေမယ့် ဘာမှညှိနှိုင်းတာ မရှိဘူး"လို့ ပြောပါတယ်။ "ဒါ့အပြင် နိုင်ငံတော်က တရားဝင်လုပ်ပိုင်ခွင့်ပုံစံ(၇)ထုတ်ပေးထားတဲ့ မြေကိုမြေလွတ်မြေရိုင်း ပါလို့ ပြောင်းလဲပြီး တရားစွဲဆိုလိုက်တဲ့အတွက် ဒေသခံတောင်သူတွေ နစ်နာနေပါတယ်" လို့ ပြောပါတယ်။ ပခုက္ကူမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က "ရေနံချက်ဖိုကြီး တည်ဆောက်တာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပေမယ့်လည်း ဒေသခံတောင်သူတွေ လုပ်ကိုင် စားသောက်တဲ့ မြေတွေပါဝင်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ လယ်ယာဆိုင်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေးက တောင်သူတွေကိုနှင်ထုတ်တာ၊ ပုံစံ(၇) တွေ  သိမ်းယူတာမျိုးမရှိဘဲ ရေနံချက်ဖိုဧရိယာမှာ ကျူးကျော်သူတွေကို တရားစွဲဆိုမယ်လို့ ဖြေကြားလို့ ထပ်ဆင့်မေးခွန်းမေးရာမှာတော့ ကွင်းဆင်းစစ်ဆေးပေးမယ်လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်" လို့ ပြောပါတယ်။ "ဒေသခံတောင်သူတွေအနေနဲ့ ၂၀၁၇ ခုနှစ်မှာတိုင်ကြားခဲ့ပြီး ဒီမြေတွေကို ဗဟိုမြေစစ် ကော်မတီက ၂၀၁၈ ခုနှစ်မှာပြန်လည်သိမ်းယူခဲ့တာဖြစ်လို့ တစ်နှစ်ကျော်ကာလအတွင်းရော၊ ဒီနေ့အချိန်ထိ မြေစစ်ကော်မတီအနေနဲ့ စီစစ်ဆောင်ရွက်နိုင်ခြင်းမရှိဘူး”လို့ ဆိုပါတယ်။ ပခုက္ကူမြို့နယ်အတွင်းမှာ အသေးစားရေနံချက်စက်ရုံတည်ဆောက်ဖို့ ကုမ္ပဏီ (၅) ခုကို လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပြီး တောင်သူတွေအနေနဲ့ လုပ်ပိုင်ခွင့်ရမြေ၊ ဘိုးဘွားပိုင်မြေတွေ ပါဝင်နေလို့ အမြန်ဆုံး ကွင်းဆင်းစစ်ဆေး ညှိနှိုင်ပေးဖို့ တောင်းဆိုနေကြတာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024