ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ရန်ပုံငွေ ရီရယ် ၁ ဒသမ ၉ ဘီလီယံထားမည်ဟု ဘရာဇီး ကြေညာ

အက်စ်ထရာ-ဇန်နက်ကာဆေးကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်သုတေသီတွေ ဖော်ထုတ်နေ တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူဖို့နဲ့ နောက်ပိုင်း ထုတ်လုပ်ဖို့ ရန်ပုံငွေ ရီရယ် ၁ ဒသမ ၉ ဘီလီယံ အရန်ဖယ်ထားမယ့် အမိန့်တစ်ရပ်ကို ဘရာဇီးသမ္မတ ဂျရဲ ဘော်ဆိုနာရိုက ထုတ်ပြန်လိုက်ပါတယ်။
အလားအလာရှိတဲ့ကာကွယ်ဆေးကို ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီမှာ ဘရာဇီးနိုင်ငံသား တွေရရှိနိုင်မယ်လို့ ယာယီကျန်းမာရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အက်ဒူအာလိုပါဇွဲလိုက ပြောပါတယ်။
ကနဦးမှာ နိုင်ငံလူဦးရေထက်ဝက်ကို ထိုးနှံပေးနိုင်တဲ့ ကာကွယ်ဆေး သန်း ၁၀၀ ကို ဘရာဇီးက လက်ခံရရှိမှာဖြစ်ပြီး နောက်ပိုင်းကာကွယ်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ပါဇွဲလိုက ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကို ထပ်တလဲလဲ ဖော့ ပြောဆိုနေတဲ့ သမ္မတ ဘော်ဆိုနာရိုက လော့ဒေါင်းတွေကြောင့် ဖြစ်လာတဲ့ အလုပ်လက်မဲ့ပြဿနာထိခိုက်မှုဟာ ကပ်ရောဂါထက် သာ ဆိုးတယ်လို့ ထပ်ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စုစုပေါင်း ၃ သန်း နီးပါးနဲ့ အမေရိကန်ပြီးရင် အဆိုးဆုံးဖြစ်ပါတယ်။
ရောဂါကြောင့် သေဆုံးသူဟာလည်း တစ်သိန်းနီးနီး ကပ်နေတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။