A d v e r t i s e m e n t With Us

၃၂ နှစ် ၈၈၈၈ အရေးတော်ပုံမှ ၂၀၂၀ ရွေးကောက်ပွဲသို့

(၈၈၈၈ မှ ၂၀၂၀ သို့) အုံကြွပြည်လုံး၊ (ရှစ်လေးလုံးမှ)၊ ဘဝထပ်တူ၊ ခံစားသူများ၊ မတူအလှ၊ အညတြတို့၊ ဆော်ဩလို့နေ၊ အောင်ပါစေရေး၊ ဝိုင်းဝန်းပေးရစ်၊ သုံးဆယ့်နှစ်နှစ်၊ ရှစ်ဆယ့်ရှစ်လေ၊ ဒီမိုကရေစီရေး၊ လူ့ခွင့်ရေးတွက်၊ ရှေ့ဆက်ကြမည်၊ ၂၀၂၀ ရွေးကောက်ပွဲ ဆီ သို့။ ။  8888 အရေးတော်ပုံ အစ လမ်းမတွေပေါ်က သွေးမြေကျသမိုင်း၊ စုစည်းညီညာအုံကြွမှု၊ စစ်တပ်ပစ်ခတ်သတ်ဖြတ်မှု၊ အကြမ်းမဖက် ပြည်သူလူထုနဲ့ ဖြူစိမ်းကျောင်းသားကျောင်းသူလေးတွေ၊ အလုပ်သမား လယ်သမား စီတန်းလှည့်လည် ဆန္ဒပြပွဲတွေ၊ စစ်တပ် လုံထိန်းတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုတွေ၊ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီပညာပေး ဟောပြောပွဲတွေ၊ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်စစ်ကြောရေးတွေ၊  မြို့ရွာတိုင်းလိုလိုက သပိတ်စခန်းတွေ၊ ဒါတွေဟာ ၁၉၈၈ ခု ၈ လ ၈ ရက် စတင်တဲ့ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ပုံရိပ်တွေပေါ့။ ဒီနေ့ ၃၂ နှစ်ပြည့်ပြီလေ။  ၈၈၈၈ အစကို ပြန်စဉ်းစားတော့ ၈၈၈ ရှစ်သုံးလုံး၊ ၇၇၇၇ ခွန်လေးလုံးတွေ ပေါ်လာတယ်။ ၈၈၈ ကတော့ ဂငယ်သုံးခု ဥသျှစ်ထု ဆိုသလို သက္ကရာဇ် ၈၈၈ ခုက မြန်မာနိုင်ငံတော်ကြီး ဝါးအစည်းပြေ ပျက်စီးခဲ့တဲ့ နှစ်ကာလပါ။ ၇၇၇၇ ကတော့ ၁၉၇၇ ခုနှစ် ဇူလိုင် ၇ ရက်ပါ။ နောင်တော် ကျောင်းသားကြီးတွေက ၇၇၇၇ ရက် တော်လှန်ရက် အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမင့် ၇၇၇၇ မှာ အရေးတော်ပုံ ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ၈၈၈ လို ၇၇၇၇ လို ထူးခြားနေ့ရက် ၈၈၈၈ မှာ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်ကြသလိုပါပဲ ၈၈၈၈ မှာ အရေးတော်ပုံကြီး ပေါ်ပေါက်ပါတယ်။ ဒီနေ့ဆို ၃၂ နှစ် နှစ်ပတ်လည် ရောက်ပါပြီ။ (ရှစ်လေးလုံးသပိတ်မစမီ)  တို့ခွန်နစ်ယောက်၊ သပိတ်မှောက်မယ်၊  တယောက်ဆယ်ဦး၊ စုထားပူးကာ၊  ချီတက်လာကြ၊ ဆန္ဒပြမည်  မြို့မအလုံး၊ လူလှိုင်းလုံးခြိမ့် သိမ့်သိမ့်ညံပြီ၊ မြန်မာပြည်။ ။ {လွန်ခဲ့သော ၃၂ နှစ် မြို့အသီးသီးမှ ၈၈၈၈ သပိတ်အတွက် ပြင်ဆင်ခဲ့ကြသူများသို့} ၈၈၈၈ နေ့မှာ တိုက်ဆိုင်ပြီး ဆန္ဒပြပွဲတွေ လုပ်ကြဖို့ ပြင်ဆင်နေကြပါတယ်ဆိုတဲ့ ဘီဘီစီမြန်မာပိုင်း ရေဒီယိုရဲ့ သတင်း ကြေညာချက်ကို ကြားနေရပြီး သူငယ်ချင်း ၇ ယောက်စုကြတယ်။ တယောက်ကို ၁၀ ယောက်စီ စည်းရုံးပြီး ဆူးလေကို သွားစောင့်ကြတယ်။ ၈၈၈၈ နေ့ မနက်မှာပေါ့။ ၃၃ လမ်း ၃၄ လမ်းတဝိုက် လူခွဲစောင့်ကြည့်နေခဲ့ကြတယ်။ ၃၃ လမ်း ကနေ အလံကိုင်လာသူတွေကိုလဲတွေ့ရော ဝင်တန်းစီလိုက်တယ်။ အဲ့ဒါ ၈၈၈၈ အစ။ နောက်ပိုင်းမှာ လူပင်လယ်ကြီး ဖြစ်သွားပါတယ်။ မြို့ကိုပတ်ကြတယ်။ စားစရာတွေ လိမ္မော်သီးတွေ ထမင်းထုပ်တွေ ကြွေးကြတယ်။ ညပိုင်းမှာ မြို့တော်ခန်းမရှေ့ ဟောပြောပွဲလုပ်တယ်။ လူစုခွဲခံရပြီး စစ်တပ်က ပစ်ခတ်တော့ ပြေးကြရတာအမှတ်တရ။ ၈၈၈၈ က ပေါ်ထွက်လာတဲ့ လူထုခေါင်းဆောင်များ ကမ္ဘာ့တော်လှန်ရေးတွေမှာ ခေါင်းဆောင်တွေ၊ ပါတီတရပ်ရပ်၊ တပ်ဦးတဖွဲ့ဖွဲ့က စတင်ဦးဆောင်ပြီး လူထုတိုက်ပွဲ ဖြစ်လာတတ်တယ်။ ၈၈၈၈ မှာတော့ ဒီလိုမဟုတ်ဘူး။ အစက သတ်သတ်မှတ်မှတ် နိုင်ငံရေးအရ ခေါင်းဆောင် မရှိခဲ့ပါ။ အလံကိုင်လာသူတွေကစပြီး လူထုတွေပါဝင်လာတာက စပါတယ်။ တဖြည်းဖြည်း အရှိန်အဟုန် ကောင်းလာပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်စတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ ဦးတင်ဦးစတဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ ပေါ်လာခဲ့တာပေါ့။  ၈၈၈၈ ဘာကြောင့်ဖြစ် ၁၉၆၂ ဦးနေဝင်းစစ်တပ် အာဏာသိမ်းတယ်။ အခုအခါ စစ်တပ်ကနေ ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပြီး အစိုးရ လုပ်သလို ပါပဲ။ ဦးနေဝင်းစစ်တပ်ကနေ မဆလ အစိုးရ (ခေါ်) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းပြီး အစိုးရလုပ်တယ်။ တပါတီ အာဏာရှင်ပေါ့။ နောက်ပိုင်းမှာ တဖြည်းဖြည်း ဖိနှိပ်ချုပ်ချယ်တာတွေများလာတယ်။ လယ်သမားတွေ ဆင်းရဲ လာတယ်။ အလုပ်သမားတွေ ကျပ်တည်းလာတယ်။ ကျောင်းသားတွေ ပညာရေး မလွတ်လပ်တော့ဘူး။ လူထု တရပ်လုံး အထွေထွေ မကျေနပ် အကျပ်အတည်း ဖြစ်လာပြီး လွတ်မြောက်ရေး ထွက်ပေါက်ဟာ ၈၈၈၈ အုံကြွ အရေးတော်ပုံကြီးပါ။ ၈၈၈၈ နေ့ကနေ စစ်တပ်အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ အထိ ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ် နင်းတယ်။ ရန်ကုန်မှာ အများစု သေကြတယ်။ ပဲခူးမှာ သေကြတယ်။ တောင်ကြီး၊ မော်လမြိုင်၊ စစ်ကိုင်းမြို့တွေ အပါ အဝင် တနိုင်ငံလုံးမှာ လူ ၁ သောင်းလောက် သေကြေ ဒဏ်ရာရခဲ့တယ်လို့ ယူဆကြတယ်။ မဆလ အစိုးရကတော့ ၉၅ ယောက်သေပြီး ၂၄၀ ဦး ဒဏ်ရာရ စာရင်းထုတ်ပြန်တယ်။ ၈၈၈၈ အရေးတော်ပုံ တောင်းဆိုချက်များ လွန်ခဲ့တဲ့ ၃၂ နှစ်က ၈၈၈၈ မှာ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံအမျိုးမျိုး တိုင်ခဲ့ ကြွေးကြော် အော်ခဲ့ကြတယ်။  - ဆန်တပြည် ငွေ ၆ ကျပ် စိန်လွင်ခေါင်းကိုဖြတ်။  - ရူးကြောင်ရူးကြောင် ဦးမောင်မောင် အရူးထောင်ကို ပို့လိုက်ပို့လိုက်။ ဆိုတဲ့ ပုဂ္ဂိုလ်ရေးတွေလဲ ပါခဲ့တယ်။  - ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး - မဆလ တပါတီအာဏာရှင် စနစ် ပြုတ်ကျရေး ဒို့အရေး ဆိုတာလဲ အော်ခဲ့ကြတယ်။ အဓိက ကတော့  - ဒီမိုကရေစီရရှိရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုချက်တွေပါ။  ဒီတောင်းဆိုချက်တွေက အခုထိ မပြည့်ဝသေးဘူးလို့ ပြောနိုင်ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးကို ဖြိုခွဲနှိမ်နင်းဖို့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) အမည်နဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် အာဏာသိမ်းလိုက်တယ်။ ကျောင်းသားပြည်သူတွေဟာ တောခိုသွားကြပြီး လက်နက်ကိုင် တော်လှန်ရေးကို ရောက်သွားကြတယ်။ ပြည်တွင်းကျန်တော်တော်များများလဲ ထောင်ကျကုန်တယ်။ တချို့က ဇာတ်မြှုပ်ပုန်းအောင်း နေကြရပြီ။ စစ်အစိုးရက ပါတီစုံဒီမိုကရေစီ လမ်းဖွင့်ပေးဖို့ ကတိပေးတယ်။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်မယ်လို့ ဆိုခဲ့တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ 27 မှာ NLD ကိုစတင်တည်ထောင်တယ်။ ၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD – National League for Democracy အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ကတိအတိုင်း အာဏာလွှဲမပေးခဲ့ပါ။ NLD အဖွဲ့ဝင်တွေဖမ်းဆီး ထောင်ချပြီးတဲ့နောက် ၈၈၈၈ တောင်းဆိုချက် ဒီမိုကရေစီ ရရှိရေး ဝေးသွားခဲ့ရတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လဲ အကြိမ်ကြိမ် အကျယ်ချုပ်ချထားခဲ့တယ်။ အဲ့ဒီနောက် ညောင်နှစ်ပင် ညီလာခံကြီးကို နအဖ နဝတ စစ်တပ်အလိုကျ အချိန်အကြာကြီး ကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နာဂစ် မုန်တိုင်းတိုက်အပြီး လူ ၁ သိန်းကျော်သေ၊ လူ ၁ သန်းကျော် ဒုက္ခသည်တွေ ဖြစ်နေတဲ့ကြားက အတည်ပြုခဲ့တယ်။ အဲ့ဒီအချိန် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့တာ နှစ် ၂ဝ ကြာခဲ့ပြီ။ ၈၈၈၈ တောင်းဆိုချက် ဒီမိုကရေစီ ဖက်ဒရယ်ကတော့ မရရှိသေးပါ။  ၂၀၁၀ ရွေးကောက်ပွဲနဲ့ အရပ်ဝတ်ပြောင်း အုပ်ချုပ်ခြင်း စစ်တပ်ဟာ အာဏာသိမ်းပြီးတိုင်း အရပ်ဝတ်ကို ဟန်ပြပြောင်းဖို့ လက်ကိုင်တုတ် နိုင်ငံရေးပါတီတွေကို ဖွဲ့တတ်တယ်။ ဦးနေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းအပြီး ဇူလိုင် ၄ ရက်မှာ မဆလ ပါတီကို ဖွဲ့စည်းတည်ထောင်တယ်။ အရပ်ဝတ်နဲ့ ရေရှည် ချုပ်ကိုင်သွားဖို့ပါ။ နဝတ စစ်တပ်ဟာလဲ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ မှာ USDA – Union Solidarity And Development Association  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို စတင်ဖွဲ့စည်းတယ်။ ၂၀၁၀ ခုနှစ် ဇွန်လ ၈ ရက်မှာ USDA – Union Solidarity And Development Party  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော် တွေမှာ အလိုလျှောက် ပါဝင်ခွင့် ရပါတယ်။ ဒီအချက် အပါအဝင် အရာရာ အသာစီးယူထားပြီးမှ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ NLD က ဝင်မပြိုင်ခဲ့ဘူး။ တပ်မတော်က ဦးစီး ဖွဲ့စည်းထားတဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစိုးရဖြစ်လာတာပေါ့။ နည်းနည်းလွတ်လပ်သယောင် ရှိလာပေမဲ့ ဂျပန်ခေတ် ရွှေရည်စိမ် လွတ်လပ်ရေးလိုပါပဲ။  ဒီအချိန်မှာ အရင်က ပိတ်ပင်ခဲ့တဲ့ ဒီမိုကရေစီဆိုတာကိုတော့ တွင်တွင်ကြီး သုံးလာကြပါပြီ။ ဒီမိုကရေစီ ပညာပေး Workshop တွေ သင်တန်းတွေတော့ လုပ်လာနေကြပြီ။ ၂၀၁၀ မတိုင်ခင်အထိ ပြောခွင့် မရတဲ့ ဖက်ဒရယ်ဆိုတာဟာလဲ တရားဝင် အသုံးအနှုန်း တခု ဖြစ်လာနေပြီပေါ့။ ဒီ ၂၀၁၀ ခုနှစ်ဟာ ၈၈၈၈ ဖြစ်ခဲ့တာ ၂၂ နှစ် ကြာခဲ့ပြီ။ ဒါပေမဲ့ ၈၈၈၈ တောင်းဆိုချက် ဒီမိုကရေစီ ဖက်ဒရယ်ကတော့ အပြည့်အဝ မရရှိသေးပါ။  ရောင်နီသန်းစ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဒီမိုကရေစီကိုသွားလျှင် ရွေးကောက်ပွဲတွေကို ဖြတ်သန်းရမယ်။ ဒီစကားဟာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအပြီး မှန်စပြုလာရဲ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ဧပြီ ၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် ‌၄၃ နေရာဝင်ပြိုင်ခဲ့ပြီး ၄၃ နေရာစလုံးနိုင်တယ်။ ဒါဟာ ၈၈ က တွက်ရင် အဲ့သည်အချိန်အထိ ၂၄ နှစ်ကြာ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့  NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ကို လူထုက ရာနှုန်းပြည့် ထောက်ခံမှုကို ပြလိုက်တာဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန် ၈၈၈၈ အရေး တော်ပုံကြီး ဖြစ်ခဲ့တာ နှစ် ၂၄ အကြာ ၈၈၈၈ တောင်းဆိုချက် ဒီမိုကရေစီ ဖက်ဒရယ်ကတော့ ရောင်နီမျှသာပါ။  ဒီမိုကရေစီ ပိုမျှော်လင့်နိုင်မဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၈၈၈၈ ကစခဲ့တဲ့ ဒီမိုကရေစီ ဒီရေလှိုင်းဟာ တစတစ တိုးတိုးလာနေပြီ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် မဲပေးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အပြတ်အသတ် နိုင်ပြန်ပါပြီ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ် ၂၅ ရာခိုင်နှုန်းက ရှိနေတာမို့ လူထုက ၁၀၀ ဖိုး မဲထည့်ပေမဲ့ ၇၅ သာရတဲ့ ဒီမိုကရေစီအစိုးရပဲ ဖြစ်နေပါသေးပေါ့။ လူထုက ရွေးကောက်တဲ့ သမ္မတတော့ ဖြစ်တယ်။ ၇၅ ရာခိုင်နှုန်းသာ အာဏာရှိတယ်။ ကာကွယ်ရေး ဦးစီးချုပ်က အမည်တင်သွင်းတဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၃ ဌာနကို သမ္မတက ခန့်ပေးနေရတဲ့ သုံးပုံတပုံဒီမိုကရေစီအခြေအနေ ဖြစ်ပါတယ်။ လွှတ်တော်အသီသီးတော့လဲ ရှိနေကြပြီ။ သို့ပေမဲ့ ပြည်သူလူထု ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေက ၇၅ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်နိုင်ခဲ့တာလေ။ ဒါပေမဲ့ ဒီအဆင့်လောက်ထိ ရောက်နေရတာကိုက ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ၃၂ နှစ်မြောက်မှာ ရနိုင်သမျှ အမြင့်ဆုံး ရထားတဲ့အခြေအနေပါ။    ၈၈၈၈ ချစ်သူ ၃၂  ရှစ်လေးလုံးလေ၊ လွမ်းစရှည်ခဲ့၊  မသေခဲ့လဲ၊ ရှင်ကွဲကွဲကာ  ရက်ရှည်ကြာဖြစ်၊ သုံးဆယ့်နှစ်နှစ်၊  မောင့်ချစ်သူအား၊ ပြစ်ခွာထားရစ်၊  တော်လှန်စစ်ထဲ၊ ခုန်ဝင်နွဲသည်၊  အာဇာနည်များ၊ တိုက်ပွဲကြားမှာ၊  ကြွေသွားကြရ၊ တချို့ကျလေ၊  ဒါဏ်ရာတွေရ၊ ကျိုးပြတ်ကြနဲ့  ပေးဆပ်ခဲ့ကြ၊ ထောင်နဲ့အချုပ်၊  နေအိမ်လုပ်ကြ၊ တို့ဘဝများ၊  ကျင့်သားရနေ၊ မတွေဝေကြေး  အောင်ပွဲတေးသံ ညံနေပြီ။ ။  ၃၂ နှစ် ၈၈၈၈ မှ ၂၀၂၀ ဒီမိုကရေစီရွေးကောက်ပွဲသို့ နောက် ရက် ၉၀ အကြာ နိုဝင်္ဘာ ၈ ကျင်းပမဲ့ ၂၀၂၀ ဒီမိုကရေစီ ရွေးကောက်ပွဲဟာ လွန်ခဲ့တဲ့ ၃၂ နှစ် ၈၈၈၈ အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက် မဲပေးကြရမဲ့ပွဲပါနော်။ ဒါကြောင့် ၈၈၈၈ စိတ်ဓာတ်တွေ ကိုင်စွဲထားတဲ့ မဲဆန္ဒရှင် ပြည်သူတွေဟာ မဲပေးကြရမှာ ဖြစ်တယ်။ မဲပေးဖို့အတွက် အခု မဲစာရင်းတွေ ကပ်နေချိန်မှာ မဲစာရင်းမှာ ကိုယ်နဲ့ ကိုယ့်မိသားစုနာမည် ပါမပါ သွားကြည့်ကြပါစို့။ မပါရင်။ မှားယွင်းနေရင် ပြင်ဆင်ကြပါ။ ၅ နှစ်မှာ ၁ ကြိမ်သာ ပေးခွင့်တာဝန်ရှိတဲ့ မဲကိုသွားပေးကြပါ။ ပေးတဲ့အခါ ဘယ်သူ့ကိုပေးရမလဲ။ ၂၀၂၀ ရွေးကောက်ပွဲဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်တာမို့ ဒီမိုကရေစီ နည်းအရ လွတ်လပ်စွာစဉ်းစားဆုံးဖြတ်ပြီး မဲပေးကြပါ။ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ တာဝန်တွေကို ၈၈၈၈ အရေးတော်ပုံကြီး ၃၂ နှစ်မြောက်မှာ ကျေပွန်ကြပါလို့ ဆော်ဩလိုက်ရပါတယ်ဗျို့။ ။ မောင်တူး

A d v e r t i s e m e n t With Us

More News
Up