မဲဆန္ဒရှင်စာရင်း ဩဂုတ် ၁၄ ရက်အထိ တိုးမြှင့်ကြေညာ
DVB
·
August 7, 2020
မဲဆန္ဒရှင်စာရင်းတွေကို ဩဂုတ်လ ၁၄ ရက်အထိ ၇ ရက်ထပ်တိုးမြှင့် ကြေညာထားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်းရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာ မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၇ ရက်အထိ ကပ်ထားကြေညာခဲ့ရာက နောက်ထပ် သီတင်းတပတ်ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြ ရာမှာ အချိန်ပိုမိုရရှိစေဖို့ မဲဆန္ဒရှင်စာရင်းကို ခုလို ထပ်မံတိုးမြှင့်ကပ်ထားကြေညာတာလို့ ဆိုပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းတွေသွားရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ (၃)၊ မပါဝင်သင့်သူတွေ ပါဝင်နေပါက ပုံစံ (၄)၊ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေပါက ပုံစံ (၄-ဂ) တို့နဲ့ တင်သွင်းခြင်းကို ဩဂုတ်လ ၁၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာ ကပ်ထားကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းတွေဟာ အမည်တွေမှားနေတာ၊ မှတ်ပုံတင်နံပတ်တွေနဲ့ အချက်အလက်တွေမှားနေတာ၊ မိသားစုလိုက် မဲစာရင်းမပါတာစတဲ့ အမှားအယွင်းတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
မဲဆန္ဒရှင်စာရင်းတွေ မမှန်တဲ့အကြောင်းနဲ့ မပြည့်စုံတဲ့အကြောင်း သတင်းတွေ များစွာထွက်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ ဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း သူ့ရဲ့မိသားစု မဲစာရင်း မှန်ကန်မှုမရှိဘူးလို့ ပြောသွားပါတယ်။
ဩဂုတ် ၅ ရက်အထိ နိုင်ငံတဝန်း ကော်မရှင်ရုံးခွဲတွေမှာ မဲစာရင်းလာကြည့်ရှုသူမှာ ၆၆၀၀၀၀၀ ကျော်ရှိပြီး ပုံစံ(၃)ဖြင့်တောင်းဆိုသူ ဦးရေ ၂၁၀၀၀၀ ကျော်၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူဦးရေ ၆၆၀၀၀ ကျော်၊ အချက်အလက် မှားယွင်းလို့ ပုံစံ(၄-ဂ)နဲ့ တင်ပြလာသူ ၁ သိန်းခွဲ ကျော်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောထားပါတယ်။