မဲစာရင်းသွားရောက်စစ်ဆေးကြရန် အမေရိကန်သံရုံးနှိုးဆော်
DVB
·
August 6, 2020
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြန်မာ နိုင်ငံသားတွေအနေနဲ့ မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးကြဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက နှိုးဆော်လိုက်ပါတယ်။
မဲပေးနိုင်မယ့် နိုင်ငံသားတွေရဲ့ အမည်စာရင်းကြေညာချက်တွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က စတင်ကာ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာ ထုတ်ပြန်ကြေညာထားခဲ့ပြီး မနက်ဖြန် ဩဂုတ်လ ၇ ရက်နေ့ကတော့ မဲစာရင်းစစ်ဆေးနိုင်မယ့် နောက်ဆုံးရက် ဖြစ်ပါတယ်။
သံရုံးရဲ့ နှိုးဆော်ချက်မှာတော့ “ဒီအချိန်ဟာ မိတ်ဆွေတို့မြင်တွေ့ချင်တဲ့ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲအတွက် ရပ်တည်ပေးမယ့်သူကို မိတ်ဆွေရဲ့ မဲပေးနိုင်ဖို့အတွက် မဲစာရင်းထဲမှာ မိတ်ဆွေနာမည်ပါသလားဆိုသေချာစစ်ကြည့်ရမယ့်အချိန်ပါ”လို့ ဖော်ပြထားပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ထင်ရှားကျော် ကြားသူ အနုပညာရှင်တွေကလည်း အခုရက်ပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။