အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှု ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ပြန်စတင်
DVB
·
August 6, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်လည် ရိုက်ကူးခွင့်ပြုလိုက်ချိန်မှာ “အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေးတွေကို ဩဂုတ်လ ၅ ရက်နေ့က ပြန်လည်စတင်ခဲ့ပါတယ်။
သရုပ်ဆောင်လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်နေတဲ့ အောင်ဆန်းရုပ်ရှင် ဟာ ၈၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ကာ ခုလိုပြန်လည်ရိုက်ကူးမှုကိုတော့ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ရိုက်ကွင်းတည်ခဲ့ပြီး ရိုက်ကူးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူးရေးအတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ဆီ ညှိနှိုင်းခွင့်ပြုချက်ရယူကာ အချိန် ၂ နာရီကြာ ရိုက်ကူးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ ရိုက်ကူးရေး လုပ်ငန်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း အဖြစ်ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ် မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းတို့ ပါဝင် သရုပ် ဆောင်နေကြတာ ဖြစ်ပါတယ်။
နောက်ထပ် ဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်ကို အစပိုင်းက ထည့်သွင်းရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုက ခွင့်မပြု တော့တာကြောင့် နောက်ထပ် လူရွေးချယ်ဖို့ Casting ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီနေရာမှာ သရုပ်ဆောင်ဖို့အတွက် လာရောက်လျှောက်ထားသူ ဥက္ကာကျော်ကို လူတွေ့စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ကာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ မိတ်ကပ်စမ်းသပ်လိမ်းခြယ်မှုတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။