Homeမြန်မာသတင်း
စည်းကြပ်မှုလွတ်ကင်းနေသည့်ဝင်ငွေများကို အလွှာအလိုက် အခွန်နှုန်းသတ်မှတ်ရန် လွှတ်တော်အကြံပြု
စည်းကြပ်မှုလွတ်ကင်းနေသည့်ဝင်ငွေများကို အလွှာအလိုက် အခွန်နှုန်းသတ်မှတ်ရန် လွှတ်တော်အကြံပြု
နေဖြိုးဝင်း
·
August 6, 2020
စည်းကြပ်မှုလွတ်ကင်းနေတဲ့ ဝင်ငွေတွေကို အလွှာအလိုက် အခွန်နှုန်းတွေ သတ်မှတ်သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အကြံပြုလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီအတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးက သြဂုတ် ၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာမှာ အကြံပြုထားတာပါ။
ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာ စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာ သက်သာခွင့်ပေးခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရသလို ဝင်ငွေခွန်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားပြီး အတည်ပြုဖို့ ဆောင်ရွက်ဆဲဖြစ်လို့ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေ အပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ဆက်လက်တည်ရှိဆဲဖြစ်တာကြောင့် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းအစား အလွှာအလိုက် အခွန်နှုန်းတွေကို လျော့ချသတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ မြတ်ဉာဏစိုးက “ဥပဒေပြုလွှတ်တော်တွေရဲ့ လုပ်ငန်းစဉ်တွေအရ ဆောင်ရွက်ဆဲ အဆင့်သာရှိတဲ့အတွက်ကြောင့် စည်းကြပ်မှုကလွတ်ကင်း နေသောဝင်ငွေခွန်ကောက်ခံတဲ့ ဝင်ငွေခွန်ဟာ ဆက်လက်ပြီး တည်ရှိနေပါတယ်။ ဝင်ငွေခွန်ဥပဒေအသစ်မှာတော့ မပါဝင် တော့ဘူးဆိုပေမယ့် အခုအချိန်မှာတော့ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ စည်းကြပ်မှုက လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်း သတ်မှတ်မယ့်အစား အလွှာအလိုက် အခွန်နှုန်းတွေကို လျော့ချသတ်မှတ်သင့်တဲ့အတွက်ကြောင့် အဆိုပြုပြဋ္ဌာန်းချက်အပိုဒ် ၂၅ ကို ပြင်ဆင်သင့်ကြောင့် တင်ပြလိုပါတယ်”လို့ ပြောပါတယ်။
ပြင်ဆင်လိုတဲ့ နှုန်းတွေမှာ ငွေ တစ်ကျပ်ကနေ သိန်း ၁၀၀၀ ထိကို ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ ကနေ သိန်း ၃၀၀၀ ထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကျပ်ကနေ သိန်း ၃၀၀၀၀ ထိကို ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀၀၀ ကျပ် အထက်ကိုတော့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
“ဒါမှ အသေးစား၊ အလတ်စားနဲ့ မိုက်ခရိုစီးပွားရေးလုပ်ငန်းတွေ ကိုဗစ်-၁၉ရောဂါရဲ့ သက်ရောက်မှုကို ကုစားပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူအများစု(လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစား)တွေ အတွက်လည်း သက်သာခွင့်တွေကို ရရှိနိုင်စေဖို့ အခွန်ရာခိုင်နှုန်းတွေကို ပြင်ဆင်သတ်မှတ်သင့်ကြောင်း တင်ပြလိုတာဖြစ်ပါတယ် ”လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ဝင်ငွေခွန်ဥပဒေမူကြမ်းကို ဇူလိုင် ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်သွင်းထားဆဲဖြစ်ပါတယ်။ ဒီတင်သွင်းထားတဲ့ ဝင်ငွေခွန်ဥပဒေမူကြမ်းမှာ စည်းကြပ်မှု ကနေ လွတ်ကင်းတဲ့ ဝင်ငွေတွေကို ဝင်ငွေခွန်ခေါင်းစဉ်နဲ့ နှုန်းထားသတ်မှတ်ကောက်ခံတာကို ပယ်ဖျက်ဖို့ ထည့်သွင်းထား တာဖြစ်ပါတယ်။
စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ကောက်ခံတာကို တရားမဝင် ရရှိတဲ့ပစ္စည်းတွေ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နဲ့လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ဆောင်ရွက်တဲ့ကိစ္စတွေနဲ့လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရလို့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေတွေမှာ နှစ်စဉ်ထည့်သွင်းပြဋ္ဌာန်းထားပေမယ့် ဒီလိုဝင်ငွေခေါင်းစဉ်နဲ့ ဝင်ငွေခွန် ကောက်ခံနေတာဟာ ငွေကြေးခဝါချမှုကို အထောက်အကူဖြစ်စေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေတယ်လို့ ဥပဒေမူကြမ်းတင်သွင်းတုန်းက ဒုတိယဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် အခွန်အကောက်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတဲ့ အခွန်ထမ်းကောင်း တွေရဲ့ အခွန်ထမ်းဆောင်လိုစိတ် ကိုပျက်ပြားစေပြီး အခွန်တာဝန်ကို လိုက်နာသူနဲ့ ပျက်ကွက်သူ တွေကြား မျှတမှုမရှိအောင် ဖန်တီးပေးနေသလိုဖြစ်တဲ့အတွက်ကြောင့် ဒါကို ပယ်ဖျက်ရခြင်း ဖြစ်တယ်လို့ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။
လက်ရှိမှာ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် စည်းကြပ်မှုကို ကျပ်သိန်း ၁၀၀၀ ထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံနေတာပါ။