Homeမြန်မာသတင်း
တပ်မတော်က ရဲစခန်းလွှဲပြောင်းပေးခဲ့သူများနှင့် တွေ့ခွင့်ပေးရန် မိသားစုဝင်များ တောင်းဆို
တပ်မတော်က ရဲစခန်းလွှဲပြောင်းပေးခဲ့သူများနှင့် တွေ့ခွင့်ပေးရန် မိသားစုဝင်များ တောင်းဆို
DVB
·
August 6, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှ သံသယနဲ့ ဖမ်းဆီးခဲ့သူတွေကို တပ်မတော်က ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီးနောက် သွားရောက်တွေ့ဆုံပေမဲ့ တွေ့ခွင့်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
သြဂုတ်လ ၄ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးမှာ ချုပ်ရမာန်ယူဖို့ ကြားသိရတာကြောင့် သွားရောက်တွေ့ဆုံခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ အလယ်ချောင်းကျေးရွာမှ ဖမ်းဆီးခံရသူမိသားစုဝင် မရီရီသန်းက ပြောပါတယ်။
“၇ လပိုင်း ၁၁ ရက်နေ့က ကျမတို့ ရွာကို စစ်တပ်(၃၄)၊ (၃၆)က ဝင်လို့ စစ်တယ်။ စစ်တဲ့အခါမှာ ကျမခဲအိုကို ခဏလေး စစ်မယ်ဆိုပြီး အိပ်ရာကနေ နှိုးသွားပါတယ်။ အဲဒီတော့ ကျမတို့က လိုက်ပါဖို့လုပ်တော့ ခဏ စစ်မယ်။ မလိုက်နဲ့ စစ်ပြီးရင်ပြန်လွှတ်မယ်လို့ ပြောပါတယ်။ နောက်ထပ်အပါအဝင် ၅ ဦးလည်း ပါသွားပါတယ်။ ပြန်လွှတ်မယ်ဆိုပြီး မလွှတ်ပေးပါ၊ ရက်ပေါင်း ၂၀ ကျော်ကြာသွားခဲ့တယ်။ ကျောက်ဖြူရဲစခန်းကို ရောက်တယ်ဆိုပြီး အကြောင်းကြားလို့ ကျမတို့က ခဲအိုနဲ့တွေ့ရမယ်ဆိုပြီး လိုက်လာခဲ့တော့ တွေ့ခွင့်မရဘူး။ ကားပေါ်ကနေပြီး ခဲအိုက ကျမတို့ကို ငရဲပြည်ကပြန်လာပြီ စိုးရိမ်စရာမလိုတော့ဘူးဆိုပြီး ပြောသွားခဲ့တယ်။ ဒါပေမဲ့ သူတို့မှာ ဒဏ်ရာတွေ ပါမယ်၊ မပါမယ်ဆိုတာ မသိရတော့ မိသားစုဝင် ၁ ဦးဖြစ်လို့ တွေ့ချင်ပါတယ်။”
ဖမ်းဆီးခံရသူ ကိုဇော်လွင်ရဲ့ အမျိုးသမီး ဒေါ်ပုမချေက “ကားပေါ်ကနေ ပြီးတော့ မပူကြနဲ့တော့၊ ငါတို့သေရွာကပြန်လာပြီ၊ အငတ်ငတ်အမွတ်မွတ်ဖြစ်ခဲ့ကြတယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် သူတို့ကျန်းမာရေးကိုလည်း သိချင်ပါတယ်၊ သူတို့မိသားစုဝင်တွေ အကုန်လုံးနဲ့ တွေ့စေချင်ပါတယ်။ ကျမအနေနဲ့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
အဲဒီ အလယ်ချောင်းကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်က ကျေးရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့မှာ ကိုစိုးမြင့်ထွန်းဆိုသူ သေဆုံးသွားခဲ့ပါတယ်။
ကိုစိုးမြင့်ထွန်း သေဆုံးတာဟာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပြီး မိသားစုဝင်တွေကတော့ သေဆုံးသူရဲ့အလောင်းမှာ ဒဏ်ရာတွေတွေ့ရတယ်လို့ ပြောဆိုထားပါတယ်။ေ
ကျောက်ဖြူခရိုင်မှာ တပ်မတော်က အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခဲ့သူ ၅၀ ကျော်ထိရှိလာနေပြီး တချို့ကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားသူ ၂၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
နောင်နောင်