A d v e r t i s e m e n t With Us

မက္ကဆီကို ထိပ်တန်းရာဇဝတ်ဂိုဏ်းခေါင်းဆောင် အယ်လ်မာရိုနှင့် အပေါင်းပါများကို ဖမ်းမိ

မက္ကဆီကိုနိုင်ငံရဲ့ ထိပ်တန်း ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အယ်လ်မာရိုနဲ့ အပေါင်းပါ ၇ ယောက်ကို ဖမ်းမိပြီလို့ အရာရှိတွေက သြဂုတ် ၄ ရက်မှာ ပြောပါတယ်။  သတင်းပေးချက်ကို လက်ခံရရှိပြီးနောက် အာဏာပိုင်တွေက ၇၂ နာရီအတွင်း အိမ်လေးလုံးကို ဝင်စီးနင်းအပြီးမှာ ခုလိုဖမ်းမိခဲ့တာပါ။ မူးယစ်မှောင်ခိုနဲ့ လောင်စာသူခိုးလို့ စွပ်စွဲထားတဲ့ အယ်လ်မာရိုခေါ် ဟိုဆေး အန်တိုနီယို ယေပဲ့ဇ်ကို သြဂုတ် ၂ ရက်က ဖမ်းမိတာကြောင့် ဂွါနာဟွာတိုပြည်နယ်ကို ထိန်းချုပ်ဖို့ တိုက်ပွဲဝင်နေတဲ့ ဂိုဏ်းရာဇာ ၂ ယောက်ထဲက တယောက်ကို ဖယ်ရှားလိုက်နိုင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ဒီပြည်နယ်ဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ သွေးစွန်းတဲ့စစ်ပွဲတွေ ဖြစ်ပွားရာ စက်မှုမြို့ပါ။ အာဏာပိုင်တွေဟာ ယေပဲ့ဇ် ရောက်လာနိုင်တဲ့ လိပ်စာလေးခုကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တယ်လို့ မက္ကဆီကို ကာကွယ်ရေးဝန်ကြီး လူးဝစ် ခရီစန်စီယို စန်ဒိုဗယ်လ်က ပြောပါတယ်။ ယေပဲ့ဇ်ကိုဖမ်းဖို့ အစိုးရဟာ လူသူအပြည့်အစုံနဲ့ ရဟတ်ယာဉ် ၂ စီး၊ မောင်းသူမဲ့ ဒရုမ်းယာဉ်တွေနဲ့ စစ်သည်ရာချီ စေလွှတ်ခဲ့ရတာပါ။ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင် နောက်ထပ် အယောက် ၁၀၀၀ ကိုလည်း တပ်ချ ထားခဲ့ရပါတယ်။  စီးနင်းမှုအတွင်း အာဏာပိုင်တွေဟာ ယေပဲ့ဇ်အပါအဝင် အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၆ ယောက်ကိုလည်း ဖမ်းခဲ့ပါတယ်။ လက်နက်အမျိုးမျိုး ဗုံးသီးတပ် လောင်ချာတခုနဲ့ ငွေသား အမေရိကန်ဒေါ်လာ ၆၆၀၀ ကို သိမ်းခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ပြန်ပေးဆွဲခံ အမျိုးသမီး တယောက်ကိုလည်း ကယ်ထုတ်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up