A d v e r t i s e m e n t With Us

လီဗာပူး စိတ်ဝင်စားနေသည့် နောက်ခံလူအတွက် နော့ဝှစ်က ဈေးနှုန်းသတ်မှတ်

ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ နော့ဝှစ်အသင်းဟာ လီဗာပူးအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဂျာမယ်လီဝစ်အတွက် ပေါင်သန်း ၂၀ လောက် တောင်းဆိုသွားဖို့ရှိနေပါတယ်။  လီဝစ်ဟာ ဘယ်နောက်ခံလူတဦးဖြစ်ပြီး ရော်ဘတ်ဆန်ရဲ့ အရံကစားသမားအဖြစ်ထားရှိဖို့ လီဗာပူးအသင်းက သူ့ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။  လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ ရော်ဘတ်ဆန်ကို တန်းဆင်းသွားရတဲ့ ဟူးလ်စီးတီးအသင်းကနေ ပေါင် ၈ သန်းတည်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ကို ကမ္ဘာ့အဆင့်နောက်ခံလူတဦးဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။  ရော်ဘတ်ဆန်ရဲ့လမ်းစဉ်အတိုင်း လီဝစ်ကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီး သူ့အတွက်ပေါင် ၁၀ သန်းအသုံးပြုဖို့ လီဗာပူးဘက်က ပြင်ဆင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ဒါပေမယ့် နော့ဝှစ်အသင်းဘက်ကတော့ ဒီပမာဏရဲ့နှစ်ဆကို အလိုရှိနေတာဖြစ်ပြီး ငွေရေးကြေးရေးအရ ဆိုးရိမ်ဖွယ်ရာမရှိတဲ့ အနေအထားမှာ သူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းကို မရရင် အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို လက်လွှတ်သွားဖို့မရှိဘူးလို့ Telegraph သတင်းမှာဖော်ပြပါတယ်။  လက်ရှိအချိန်မှာ လီဝစ်ဟာ နော့ဝှစ်အသင်းနဲ့ ၃ နှစ်စာချုပ်ကျန်ရှိနေဆဲဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပေါင် ၁၂ သန်းနဲ့ ဇန်နဝါရီကမ်းလှမ်းမှုကို နော့ဝှစ်အသင်းက ပယ်ချခဲ့ဖူးပါတယ်။  လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ လီဝစ်ကို အလားအလာများစွာရှိတဲ့ ကစားသမားတဦးအဖြစ် ရှုမြင်ထားပြီး သူ့ရဲ့စွမ်းဆောင်ရည်က အသင်းကနေ ထွက်ခွာသွားတဲ့ လိုဗရန်ရဲ့နေရာမှာ အစားထိုးနိုင်မယ်လို့ ယူဆထားပါတယ်။  လီဝစ်ဟာ ဗဟိုနောက်ခံလူနေရာမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အသင်းရဲ့ အဓိကစားသမားတွေကို ဈေးပေါပေါနဲ့ရောင်းချသွား ဖို့ဆန္ဒမရှိတဲ့ နော့ဝှစ်အသင်းရဲ့ရပ်တည်မှုကြောင့် လီဗာပူးအနေနဲ့ တောင်းတဲ့ဈေးကို ပေးမလား ဒါမှမဟုတ်  နောက်ထပ်ကစားသမားတဦးကို ကြိုးစားသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ကိုဗစ်ကြောင့်ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေကြောင့် အခုနှစ်နွေရာသီအပြောင်းအရွေ့မှာ ငွေကြေးများစွာသုံးစွဲရမယ့် အပြောင်းအရွှေ့တွေကို လက်ရှောင် ထားပြီး ချဲလ်ဆီးကို ရောက်ရှိသွားတဲ့ တီမိုဗာနာကိုလည်း ခေါ်ယူဖို့ လက်ရှောင်သွားခဲ့တာတွေ့ရပါတယ်။  ကလော့ပ်ဟာ လက်ရှိ အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပေမယ့် နော့ဝှစ်အသင်း တောင်းဆိုထားတဲ့  ဈေးနှုန်းက လီဝစ်ကိုခေါ်ယူဖို့ အဟန့်အတားဖြစ်စေမှာပဲဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up