A d v e r t i s e m e n t With Us

မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တွင်အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းနေရာအချို့ အပြောင်းအလဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာ  ကိုယ်စားလှယ်လောင်းအပြောင်းအလဲ တချို့ပြု လုပ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (အန်အယ်လ်ဒီ) ပါတီ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်အစား တံတားဦး မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဝဏ္ဏအောင်ကို ပြောင်းလဲလိုက်တာလို့ အန်အယ်လ်ဒီ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။   မန္တလေးတိုင်းဒေသကြီးလွှတ်တော် တံတားဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ဦးဝဏ္ဏအောင်ရဲ့နေရာမှာ အစားထိုး ယှဉ်ပြိုင်ဖို့အတွက်တော့လက်ရှိ မြို့နယ်စည်ပင် သာယာ ဥက္ကဋ္ဌ ဦးစန်းယုမောင်ကို ရွေးချယ်ထားပြီး ကိုယ်စားလှယ်လောင်း လျှောက်ထားသူ တွေထဲက စိစစ်ပြီး သင့်တော်မယ့် လူကိုရွေးချယ်တာလို့ သိရပါတယ်။ ကာယကံရှင်က ကျန်းမာရေးအခြေအနေကို သတင်းပို့တဲ့အတွက် သွားတွေ့ပြီး အစားထိုးသင့်တယ်ထင်လို့ ဗဟိုကို တင်ပြခဲ့တာဖြစ်တယ်လို့    ဦးတင်ထွဋ်ဦးကပြောပါတယ်။ အန်အယ်လ်ဒီပါတီရဲ့  ကိုယ်စားလောင်း ရွေးချယ်တာနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ တိုင်ကြားတာ နှစ် နေရာ ရှိပြီး ဘယ်နေရာတွေ ဆိုတာကတော့ ပြောကြားတာ မရှိပါဘူး။ တံတားဦးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဝဏ္ဏအောင်ဟာ လက်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပါတီက ပေးတဲ့ တာဝန်ကို ကျေပွန်အောင်လုပ်မယ်လို့  ပြောပါတယ်။ ဦးဝဏ္ဏအောင်ဟာ လက်ရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်း (၉) ခု မေးထားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင်ကော်မရှင်အဖွဲ့ခွဲမှာ မကြာခင် လျှောက်ထားမှာ ဖြစ်ပါတယ်။ အလားတူ မွန်ပြည်နယ်မှာလည်း  ရေးမြို့နယ်နဲ့ မုဒုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း  ၂ ဦး အပြောင်းအလဲကို ပြန်လုပ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မွန်ပြည်နယ် ဒုဥက္ကဋ္ဌ ဒေါ်တင်အိက ဒီဗွီဘီကို ပြောပါတယ်။ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချစ်တင် နေရာမှာ ရေးမြို့နယ် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးနဲ့ လဲလှယ်ခဲ့တာပါ။ ဒါအပြင် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းကြည် နေရာမှာတော့ ဒေါ်ခင်ကျော့ဖြူကို အစားထိုး လဲလှယ်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုအခင်ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ ရှိနေတဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိချိုသဲကိုတော့ အပြောင်းအလဲ ပြန်မလုပ်ခဲ့ပါဘူး။ အန်အယ်လ်ဒီ ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၁၁၃၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဇူလိုင် ၂၃ နေ့ရက် ထုတ်ပြန်ကြေညာထားပြီး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဝေဖန်မှုတွေ ရှိလာပြီးနောက် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ သတင်း- နိုင်လင်းဦး/ ဇော်လွင်ထွဋ် 

A d v e r t i s e m e n t With Us

More News
Up