ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူများအကြား Mask တပ်ဆင်မှု အားနည်းလာ
DVB
·
August 5, 2020
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူတွေအကြား နှာခေါင်းစည်း Mask တပ်ဆင်တာတွေ အားနည်းလာတာဟာ ပြည်တွင်းကူးစက်တာမရှိတော့တာနဲ့ အရေးယူတာတွေ အားနည်းလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်တာကိုကာကွယ်နိုင်ဖို့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ဆေးတာနဲ့ လူစုလူဝေးရှောင်ကြဉ်ဖို့တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ရောဂါကာကွယ်ရေး နည်းလမ်းတွေအဖြစ် အများပြည်သူကို အသိပေးကြေညာထားပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ တချို့ပြည်သူတွေအနေနဲ့ အပြင်ထွက်တိုင်း ဘတ်စ်ကားစီးတာတွေ၊ လူသွားလူလာများလာတဲ့နေရာတွေကိုသွားရောက်တိုင်းမှာတော့ mask နှာခေါင်းစည်း တပ်ဆင်သွားလာတာတွေအားနည်းလာပြီး ကာကွယ်ရေးနည်းလမ်းတွေ အသုံးချတဲ့ နေရာမှာ ပေါ့ဆလာတယ်လို့ ကျန်းမာရေးဌာနနဲ့ ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
နှာခေါင်းစည်းတပ်ဆင်တာဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်တာတင်မကပဲ နှာစေးချောင်းဆိုးကနေကူးစက်တတ်တဲ့ အခြားတုပ်ကွေးရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားတာ လျော့ချလာနိုင်ပြီး ကာကွယ်နိုင်တဲ့အတွက် ကျန်းမာရေးကဏ္ဍမှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာတော့ ဈေးတွေနဲ့ လူစည်ကားရာနေရာတွေမှာ mask တပ်ဆင်ဖို့ နှိုးဆော်တာတွေကို ရက်သတ်မှတ်လုပ်ဆောင်နေပြီး ပြန်ဖွင့်ခွင့်ရထားတဲ့ကျောင်းတွေမှာလည်း ရောဂါကူးစက်ပြန့်ပွားမှုရှိမရှိ အခြေအနေတွေကိုနေ့စဉ် စစ်တမ်းကောက်ယူနေတယ်လို့ တွံတေးမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးလှတိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဩဂုတ် ၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၃၅၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၀၂ ဦးရှိပြီး ဒီအထဲက ၂၈၇ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
သတင်း - မေစု