နေပြည်တော်တွင် တပ်တွင်းမဲရုံလုံးဝမရှိဟု ကော်မရှင်ပြော

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ  တပ်အတွင်းမဲရုံလုံးဝမရှိဘူးလို့ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်ရှင်ခွဲရုံးတာဝန်ရှိသူက ပြောပါတယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ အားလုံးကို အပြင်ထုတ်ရတော့မှာပါ။ ဒါပေမဲ့ ဇူလိုင်လအတွင်းပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တချို့တပ်တွင်းမဲရုံတွေကို အပြင်ထုတ်သွားမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတည်ရှိတဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်အတွင်းမှာတော့ တပ်တွင်းမဲရုံလုံးဝမရှိဘူးလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဖွဲ့ဝင် ဦးမိုးဇော်က ဒီကနေ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ ဦးမိုးဇော်က “တပ်ပြင်ကို ရွှေ့တယ်။ တချို့မဲရုံတွေကကျတော့ အရပ်သားရော၊ တပ်တွေရော၊ ရောပြီးတော့ မဲပေးလို့ရတဲ့ မဲရုံတွေလည်းရှိသလို တချို့မဲရုံတွေကျတော့လည်း တပ်တွေချည်းပဲ။ ဒါတွေက သူတို့ဌာနတွေက တပ်တွေအများကြီးစုထားတဲ့ နေရာဆိုတော့ အဲ့ဒီမဲရုံတွေကကျတော့ သူတို့တပ်သားတွေချည်းပဲ။ သို့သော်တပ်ထဲမှာမဟုတ်ဘဲနဲ့ သူတို့တပ်ခြံစည်းရိုးနဲ့ နီးစပ်တဲ့ စာသင်ကျောင်းတွေမှာပဲ မဲရုံတွေလုပ်ခွင့်ပြုထားတယ်ပေါ့ ” လို့ ပြောပါတယ်။ တပ်တွင်းမဲရုံတွေ နေပြည်တော်နယ်မြေမှာ မရှိဘူးဆိုပေမယ့် တပ်မတော်သားသီးသန့်မဲရုံ တွေတော့ ရှိနေဦးမှာပါ။ နေပြည်တော်နယ်မြေအတွင်း မဲရုံပေါင်း ၆၃၃ ရုံ ပြုလုပ်သွားဖို့ လျာထားပြီး တပ်မတော်သားသီးသန့်မဲပေးမယ့် မဲရုံက ၄၃ ရုံ ရှိနေပါတယ်။ နေပြည်တော် ၈ မြို့နယ်မှာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်ရှိတယ်လို့ လည်း ဆိုပါတယ်။ နေပြည်တော်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးသိန်းထွေးက “ပြီးခဲ့တဲ့ ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ ကျနော်တို့ နေပြည်တော်မှာ မဲဆန္ဒရှင်ပေါင်း ၇ သိန်းကျော်ရှိပြီးတော့ အခု လာမယ့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်လောက် မဲပေးသွားမှာ ဖြစ်ပါတယ်။ မဲစာရင်းမှာ ပါဝင်ပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခြေခံ မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားပြီး ဒီနေ့အထိကို မဲစာရင်းမှားယွင်းမှုကြောင့် ပုံစံ(၃)နဲ့ ပြန်လည်လျှောက်ထားသူ  ၂၄၇၇  ဦးရှိပါတယ်။ ဒါ့အပြင်  ပုံစံ(၄)နဲ့ ကန့်ကွက်သူ ၁၄၀၀ ကျော်နဲ့ အချက်အလက်မှားယွင်းမှုကြောင့် ပုံစံ(၄)(ဂ) နဲ့ ပြန်လည်တင်သွင်းထားသူ ၁၇၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up