ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကိုယ်စားလှယ်လောင်း ၅၇ ဦး ဝင်ပြိုင်မည်
ပီတာအောင်
·
August 4, 2020
ချင်းတိုင်းရင်းသားပါတီ ၃ ပါတီ ပေါင်းစည်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၅၇ ဦးလောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “အခုက နောက်ဆုံးက ၅၇ ဦးပေါ့။ နောက်ထပ်တော့ တိုးဖို့တော့ အလားအလာတော့မရှိဘူး။ တစ်ယောက် နှစ်ယောက် လောက်ကတော့ ကြိုးစားပြင်ဆင်နေတာတော့ရှိတယ်။ ကျနော်တို့ကတော့ ဒီလောက်နဲ့ ပိတ်ဖို့ စဉ်းစားထားတယ်။ တကယ်လို့များ ဒီနေ့မှာ သူတို့ တိုးလာရင်တော့ တစ်မျိုးပေါ့။ လောလောဆယ် ၉၉ ရာခိုင်နှုန်းကတော့ ဖိုင်နယ်ဖြစ်ဖို့များပါတယ်။ ဆိုတော့ ၅၇ ဦးပါ”လို့ ပြောပါတယ်။
CNLD ကိုယ်စားလှယ်လောင်းတွေဝင်ပြိုင်မယ့် မဲဆန္ဒယ်တွေကိုတော့ တိတိကျကျ ထုတ်ပြန် နိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၄ နေရာ၊ ချင်းပြည်နယ်လွှတ်တော်မှာ ၂၃ နေရာလောက်နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၃ ဝင်ပြိုင်ဖို့ လျာထာတယ်လို့လည်း ဆိုပါတယ်။
ပါတီခေါင်းဆောင်တွေထဲမှာ ဥက္ကဋ္ဌဖြစ်တဲ့ ဦးငိုင်ဆာ့ခ်က ချင်းပြည်နယ်လွှတ်တော်အတွက် မတူပီမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ပါတီရဲ့ ပူးတွဲ ဥက္ကဋ္ဌ ဦးနိုထန်ကပ်ကတော့ ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ကနေ လက်ရှိ ချင်းပြည်နယ် ဝန်ကြီးချုပ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးဆလိုင်းလျန်လွယ်နဲ့ အပြိုင် ချင်းပြည်နယ်လွှတ်တော် အတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ CNLD ပါတီရဲ့ ပူးတွဲ ဥက္ကဋ္ဌ နောက်တဦးဖြစ်တဲ့ ပူးဇိုဇမ်ကတော့ ရွေးကောက်ပွဲ ဝင်မပြိုင်တော့ဘူးလို့ သိရပါတယ်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ချင်းပါတီဖြစ်တဲ့ဖြစ်တဲ့အတွက် ချင်းလူမျိုးကို အခြေခံပြီး အရည်အချင်းရှိတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးထားတယ်လို့ ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောပါတယ်။
“အဓိကကတော့ ချင်းအမျိုးသားရေးနဲ့ ဒီတိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက်ကို စွမ်းဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့သူကို အဓိကထားပြီးတော့ ရွေးချယ်တာဖြစ်ပါတယ်။ ပါတီအပေါ် သစ္စာရှိဖို့ထက်စာရင် အမျိုးသားရေးပေါ် သစ္စာရှိတဲ့သူတွေကို အဓိက ထားပါတယ်။”
ချင်းတိုင်းရင်းသားပါတီ ၃ ပါတီပေါင်းထားတဲ့အတွက် အားသာချက် ဖြစ်နိုင်ပြီး ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုပိုရမယ်လို့ မျှော်လင့်တယ်လို့လည်း ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောပါတယ်။
ချင်းအမျိုးသားတစ်ရပ်လုံးရဲ့ အရေးတွက် စည်းလုံးညီညာစွာရပ်တည် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းကာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီအဖြစ် ၂၀၁၈ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲမှာ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့လို ပါတီကြီးတွေအပြင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးပူကျင့်ရှင်းထန်ခေါင်းဆောင်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်း တိုင်းရင်းသားများပါတီ (CNP)၊ အရှိုချင်းအမျိုးသားပါတီနဲ့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ တို့လို ပါတီတွေလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ကြဖို့ ရှိပါတယ်။
ဓာတ်ပုံ- CNLD