ဗြိတိန်ဝန်ကြီးဟောင်း၏ အီးမေးလ်ပေါက်ကြားမှု ရုရှားဟက်ကာလက်ချက်ဟု သံသယရှိ

2.2K
ဗြိတိန်နိုင်ငံမှာ ၂၀၁၉ ရွေးကောက်ပွဲမတိုင်ခင်က သက်ဆိုင်သူတွေသာ ကြည့်ခွင့်၊ ဖတ်ခွင့် ရှိတဲ့ အမေရိကန်-ဗြိတိန် ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေ ကုန်သွယ်ရေးဝန်ကြီးဟောင်း လီယန်ဖောက်စ်ရဲ့ အီးမေးလ်ကနေ ပေါက်ကြားခဲ့ပါတယ်။
ခုလို သတင်းအချက်အလက်တွေပေါက်ကြားခဲ့တာဟာ ရုရှားဆိုင်ဘာဖောက်ထွင်းသူတွေရဲ့ လက်ချက်ကြောင့်လို့ သံသယရှိထားတဲ့အကြောင်း ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိရှိတဲ့ သတင်းရင်းမြစ် နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မနှစ်က ဇူလိုင် ၁၂ ရက်နဲ့ အောက်တိုဘာ ၂၁ ရက်ကြားမှာ ဆိုင်ဘာ ဖောက်ထွင်းသူတွေဟာ ဝန်ကြီးရဲ့ အီးမေးလ်ကို အကြိမ်ရေ အတော်များများ ဖွင့်ခဲ့ကြတာဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
အီးမေးလ်ဖောက်ထွင်းမှုအတွက် တာဝန်ရှိသူဟာ ဘယ်ရုရှားအုပ်စုအဖွဲ့လဲဆိုတာကိုတော့ နာမည်တပ်ပြောဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မှုဟာ အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ စစ်ဆင်ရေး ဝိသေသလက္ခဏာတွေကို ထိုးဖောက်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားအစိုးရကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမယ့် သြဂုတ် ၃ ရက်နေ့ထိ အကြောင်းမပြန်သေးပါဘူး။
ရုရှားအစိုးရဟာ ၂၀၁၄ စကော့တလန် လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲကို သြဇာလွှမ်းဖို့ ကြိုးစားခဲ့တယ်။
၂၀၁၆မှာလည်း ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန် နုတ်ထွက်ရေးကို လမ်းကြောင်းလွဲအောင် ရုရှားက ကြိုးစားခဲ့တဲ့ ဖြစ်နိုင်ခြေကို ဗြိတိန်အစိုးရက လုံလောက်အောင် စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဗြိတိန်လွှတ်တော်က အရင်လက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။