မကွေးတိုင်းတွင် ရေပြင်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀၀ ခန့် လေ့ကျင့်ပြင်ဆင်ထား
DVB
·
August 4, 2020
မကွေးတိုင်းဒေသကြီးအတွင်းမှာ မြစ်ရေကြီးမှုနဲ့ သဘာဝဘေး ရေပြင်ကယ်ဆယ်ရေး အတွက် မီးသတ်တပ်ဖွဲ့ဝင်အင်အားနဲ့ စက်ယန္တရားတွေ အဆင်သင့်ပြင်ဆင်ထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က “တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ တမြို့နယ်ကို ရေပြင်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၃၅ ဦးနှုန်း၊ တိုင်းဒေသကြီးအခြေစိုက် တပ်ခွဲတခွဲစာ ၁၁၆ ဦး စုစုပေါင်း ၉၉၁ ဦးကို လေ့ကျင့် သင်ကြားပေးထားတယ်။ ဒါ့အပြင် Speed Boat ၆ စီး၊ ရော်ဘာလေသွင်းလှေ ၄ စီး၊ ရေယာဉ် ၂၈ စီးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အဆင်သင့်ပြုလုပ်ထားပြီး တိုင်းအစိုးရအဖွဲ့ကလည်း စက်သုံးဆီနဲ့ ပြင်ဆင်ထိန်းသိမ်းရေးစရိတ်တွေကို လိုအပ်ချက်မရှိအောင် ထုတ်ပေးထားတယ်။” လို့ပြောပါတယ်။
ဒါ့အပြင် မြစ်ရေကြီးတဲ့ အခြေအနေကို ပြည်သူတွေ အမြန်ဆုံး သိရှိအောင် ရေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကို ရေကင်း တာဝန်ချထားပြီး မြစ်ရေတက်တဲ့ အခြေအနေနဲ့ ဆည်တမံ ရေလွှတ်တဲ့အခြေအနေတွေ၊ စိုးရိမ်ရေမှတ် အခြေအနေတွေကို လက်ကိုင် အသံချဲ့စက် တွေနဲ့ အသိပေးတာတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၅ ခုနှစ်က မြစ်ရေကြီးမှုကြောင့် လူဦးရေ သိန်းချီ သဘာဝဘေးသင့်ခဲ့လို့ ရေကြီးရေလျှံဖြစ်နိုင်တဲ့ နေရာတွေကို ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ဆောင်ထားတယ်လို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
သတင်း- မင်းထီး