ကယားပြည်နယ်တွင် ဟိုတယ်အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်
နော်နိုရင်း
·
August 4, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ကယားပြည်နယ်အတွင်းပိတ်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ တွေထဲက ၂၉ လုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီလို့ ကယားပြည်နယ် ဟိုတယ်နဲ့ခရီး သွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောပါတယ်။
ကယားပြည်နယ်မှာ ဟိုတယ်နဲ့တည်းခိုရိပ်သာ ၃၃ လုံးရှိပြီး ၂၉ လုံးကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စိစစ်ပြီး ပြန်လည်ဖွင့်ပေးလိုက်ပြီလို့လည်း ဦးဇော်လင်းထွဋ်က ပြောပါတယ်။
“ကျနော်တို့ ဟိုတယ် ၃၃ လုံးရှိတယ်။ တချို့ဟော်တယ် ၃ လုံးလောက်ပဲ အဆင်သင့် မဖြစ်သေးလို့ မဖွင့်သေးတာ။ ကျနော်တို့ ၂၉ လုံးကတော့ ဖွင့်ပြီးပြီ။ သက်ဆိုင်ရာ ကိုဗစ်ကော်မီတီနဲ့ ကျနော်တို့စစ်ထားပြီးသွားတော့ ကျနော်တို့ ပြန်ဖွင့်ထားပြီးသားပါ။ ”
ကိုဗစ်-၁၉ ကြောင့် ပိတ်ထားတဲ့ ကယားပြည်နယ်အတွင်းရှိအလည်အပတ်နေရာတွေကို ပြည်နယ်အစိုးရက ဇွန်လ ၁၆ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပေးခဲ့သလို ကိုဗစ် စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်နဲ့စားသောက်ဆောင်တွေကို ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကယားပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်တွေမှာ ချမှတ်ထားတဲ့ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုတွေကိုလည်း ဇူလိုင် ၁၆ ရက်ကစပြီး ရုပ်သိမ်းလိုက်ပြီး ဈေးတွေကိုလည်း ပုံမှန်ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒီလိုကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားတော်များများလည်း ပြည်နယ်တွင်းအလည်ပတ်တွေ ပြန်လည်ဝင်ရောက်လာကာ ဟိုတယ်တွေလည်းအခန်းပြည့် ဧည့်သည်တွေ ရောက်ရှိလာပြီလို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။
ဒါပေမဲ့ လူစည်ကားလေ့ရှိတဲ့ ဘုရားတွေ ဖူးမြော်ခွင့်ကိုတော့ ဘုရားဂေါပကတွေကနေ ကိုဗစ်စည်းကမ်းချက်နဲ့အညီ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။
“ကျနော်တို့ကတော့ သက်ဆိုင်ရာ ဘုရားတွေနဲ့ ဘုရားဂေါပကတွေကို ကျနော်တို့ ပြောထား ပြီးသားပေါ့နော်။ ဥပမာ စက်လှေကားတက်တဲ့အခါမှာ လေးငါးယောက်နဲ့ဘဲတက်၊ ပြီးတော့မှ အချိန် အတိုင်းအတာတခုခြားပြီးမှ တက်ခိုင်းပေါ့နော်။ အဲဒါကိုကျနော်တို့က သက်ဆိုင်ရာ ဂေါပကတွေကို မှာထားပြီးသားပေါ့နော်။ ပြီးတော့ CBT (Community-Based Tourism) ရွာတွေဆိုရင်လည်း ကျနော်တို့က ဧည့်သည်တွေလာမယ်ဆိုရင်လည်း အပူချိန်တိုင်းပြီးမှ လက်ခံဖို့ပေါ့နော်။”
မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ်တွေထဲက ကယားပြည်နယ်ဟာ ကိုဗစ်-၁၉ ရောဂါ လူနာမတွေ့ရှိသေးတဲ့ ကိုဗစ်ကင်းစင်တဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး အခု ရုံးပိတ်ရက်တွေမှာ ပြည်တွင်းခရီးသည်တွေ တော်တော်များများဝင်ရောက်လာတာ ကို တွေ့ရပါတယ်။