သထုံမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းကို လက်မခံကြောင်း ကေအန်ယူ စာပို့
DVB
·
August 4, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ (အန်အယ်လ်ဒီ) ပါတီက ရွေးချယ်ထားတဲ့ သထုံမြို့နယ် ဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်မခံကြောင်း ပါတီဗဟိုထံ ကန့်ကွက်စာပေးပို့ထားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုကိုလေးက ဒီဗွီဘီကို ပြောပါတယ်။
သထုံ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးဆောင်ရွက်ရမယ့်အစား ငြိမ်းချမ်းရေးပျက်စီးမယ့် အကြောင်းအရာတွေကို ဖန်တီးနေလို့ သူ့နေရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကိုသာ ပြန်ရွေးစေချင်တယ်လို့ ပဒိုကိုလေးက ပြောပါတယ်။
လက်ရှိမှာတော့ သထုံမြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာတချို့မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မာမာခိုင်ကို အလိုမရှိကြောင်း ပိုစတာ စိုက်ထူတာတွေ လုပ်ဆောင်နေပါတယ်။
ကိုယ်စားလှယ်လောင်း ဒေါ်မာမာခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ သထုံမြို့နယ်ရဲ့ ပါတီ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်ပါတယ်။
သူ့နေရာမှာ အစားထိုးပေးဖို့ ကရင်အမျိုးသား အစည်းအရုံးက တောင်းဆိုနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူဟာ မွန်ပြည်နယ်လွှတ်တော်မှာ အဆို အများဆုံး တင်သွင်းထားသူဖြစ်ပြီး အစိုးရကို အမြဲမပျက် ထောက်ပြဆွေးနွေးနေသူလည်း ဖြစ်ပါတယ်။
သတင်း - ဇော်လွင်ထွဋ်