ကိုဗစ်-၁၉ ကြောင့် ဂျပန်ကုမ္ပဏီ ၄၀၀ ကျော် ဒေဝါလီခံ
ဇော်ဇော်လှိုင်
·
August 3, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဂျပန်နိုင်ငံမှာ ဒေဝါလီခံရတဲ့ ကုမ္ပဏီအရေအတွက် ၄၀၀ ကျော်ရှိပြီလို့ ဩဂုတ် ၃ ရက်နေ့မှာ ပုဂ္ဂလိကသုတေသနကုမ္ပဏီတခုက ထုတ်ပြန်ခဲ့တယ်လို့ NHK သတင်းမှာ ကြေညာခဲ့ပါတယ်။
ပုဂ္ဂလိက သုတေသနကုမ္ပဏီ Teikoku Databank ရဲ့ အဆိုအရ ဒေဝါလီခံရတဲ့ ကုမ္ပဏီတွေကတော့ ဂျပန်အရက် ဆာကေးထုတ်လုပ်တဲ့ စက်ရုံတွေ အပါအဝင် စားသောက်ဆိုင်နဲ့ အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ ၅၄ ခု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးကုမ္ပဏီ ၄၈ ခု၊ အ၀တ်အထည်ရောင်းချတာနဲ့ အစားအစာ လက္ကားရောင်းချတဲ့ ကုမ္ပဏီတွေက ၂၅ ခုစီဖြစ်တယ်လို့ ဆိုပါတယ်။
ဖော်ပြချက်အရ တိုကျိုမြို့တော်အခြေစိုက်ကုမ္ပဏီကြီး ၉၅ ခု၊ အိုဆာကာစီရင်စု အခြေစိုက် ကုမ္ပဏီ ၄၁ ခုနဲ့ ဟော့ကိုင်းဒို အခြေစိုက် ကုမ္ပဏီ ၂၃ ခုတို့ ဖြစ်ပါတယ်။
သုတေသနကုမ္ပဏီက ပြောကြားချက်များအရ ကိုဗစ်-၁၉ ကို တုံ့ပြန်တဲ့အနေနဲ့ တိုကျို မက်ထရိုပိုလီတန်အစိုးရက ညဘက် စားသောက်ဆိုင်တွေနဲ့ ခရီးသွားလုပ်ငန်းတွေ ကန့်သတ်တာ ကြောင့် အဓိကအစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းတွေ အခက်အခဲ ကြုံနေကြရပြီး စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံတာ ပိုမိုများပြားလာနိုင်တာကို အထူးဂရုပြုဖို့ လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အခုလပိုင်းအတွင်း မြင့်တက်နေပေမယ့် မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံမှာ ဒီနေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။