Home
မြန်မာသတင်း
ရခိုင်ရှိ လူမျိုးစုပါတီများ မဖြစ်မနေပြိုင်ရမည့် မဲဆန္ဒနယ်အချို့တွင်သာ ဝင်ပြိုင်မည်
DVB
·
August 3, 2020
ရခိုင်ပြည်နယ်ထဲက လူမျိုးစုပါတီတွေဟာ ပြည်နယ်တွင်း တိုက်ပွဲအခြေအနေတွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ မဖြစ်မနေ ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်အချို့မှာသာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲထက် ကိုယ့်လူမျိုးစုတွေရဲ့ အားပေးတာခံရဖို့ မျှော်လင့်ထားပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေအရ ပါတီတခုဟာ အထွေထွေရွေးကောက်ပွဲတခုစီမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပြီး မပြိုင်ဘူးဆိုရင် ပါတီကို ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ၂ ဦးသန်းဌေးက “မနှစ်က ၄ နေရာပြိုင်ခဲ့ပေမယ့် ဒီနှစ်ကတော့ မဖြစ်မနေပြိုင်ရမှာဆိုတော့ ၃ နေရာဝင်ပြိုင်တာပါ။ ကျနော်တို့ မြိုတွေ များတဲ့နေရာတွေမှာ ဝင်ပြိုင်တာပါပဲ။ ကမ်ပိန်းကတော့ ဘယ်လိုလာမယ်မသိသေးဘူး” လို့ ပြောပါတယ်။ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့တို့မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ၊ ဘူးသီးတောင်မှာတော့ အမှတ် ၁ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်လို့ ဆိုပါတယ်။ မြိုတိုင်းရင်းသားပါတီ အတွင်းရေးမှူး ဦးမင်းအောင်က ကိုဗစ်-၁၉ နဲ့ တိုက်ပွဲတွေကြောင့် မဲဆွယ်စည်းရုံးဖို့ တချို့နေရာတွေမှာ ခက်ခဲနိုင်ပေမယ့် တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာတော့ အခက်အခဲ မရှိနိုင်ဘူးလို့ ပြောပါတယ်။ “ဘူးသီးတောင်မှာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်၊ မောင်းတောမြောက်ပိုင်းမှာတော့ ပြည်နယ်လွှတ်တော် ဝင်ပြိုင်ပါမယ်။ ၂၀၁၅ တုန်းကလည်း ဒီနေရာတွေပဲ ဝင်ပြိုင်ခဲ့ပါတယ်။ လူမျိုးရေးအားသာတဲ့နေရာတွေမှာ ဝင်ပြိုင်တာပါ။ မောင်တောမြောက်ပိုင်းကို ပိုပြီး အားထားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အဲဒီနေရာမှာ မဲရတဲ့အခြေအနေက အားရစရာ ဖြစ်တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက လူမျိုးစုပါတီတွေအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အနိုင်မရခဲ့ကြပေမယ့် သက်ဆိုင်ရာ နယ်မြေတွေမှာ မဲရရှိတာက အနိုင်ရသူပြီးရင် ဒုတိယနေရာလောက်တွေမှာ ရှိခဲ့ကြပါတယ်။ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက လတ်တလောမှာ ဘူးသီးတောင်မြို့နယ်ကနေ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာဝင်ပြိုင်ဖို့ ၃ ယောက် စာရင်းတင်ထားပြီး နောက်ထပ် ၁ ယောက်လောက် ရနိုင်သေးတယ်လို့ ဆိုပါတယ်။ “ကိုယ့်အမျိုးသားတွေ အားလုံးသာ မဲပေးရင် ကျနော်တို့ ပြည်နယ် လွှတ်တော် ၁ နေရာတော့ နိုင်နိုင်တယ်။ ကျနော်တို့လူမျိုးတွေက ပြည်နယ်ထဲက ၆ မြို့မှာ ရှိပေမယ့် ဘူးသီးတောင်မှာ အများဆုံးရှိပါတယ်” လို့ ပြောပါတယ်။ မြိုအမျိုးသားဒီမိုကရေစီပါတီကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်ထဲမှာပဲ ၃ ယောက် ဝင်ပြိုင်ခဲ့ပေမယ့် အခုက ပြည်နယ်တွင်းအခြေအနေတွေကြောင့် ရန်ကုန်မှာ တယောက် ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အတွင်းရေးမှူး ဦးကိုဌေးဝင်းက “ရခိုင်ပြည်ထဲမှာ ဖြစ်နေတဲ့အခြေအနေတွေအရ ရန်ကုန်တနေရာ ဝင်ပြိုင်တာပါ။ ကျနော်တို့က အားနည်းတဲ့ပါတီတွေဖြစ်လို့ ရန်ကုန်မှာချည်းပဲ ၃ ယောက်ဝင်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ ခု အခြေအနေတွေအရလည်း မဲဆွယ်ဖို့ကိစ္စက စဉ်းစားလို့တောင် မရသေးဘူး” လို့ ပြောပါတယ်။ မြောက်ဦးမှာ ပြည်နယ်လွှတ်တော် ၁ နေရာ၊ ကျောက်တော်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာစီ ဝင်ပြိုင်ဖို့ စီစဉ်ထားပြီး ရန်ကုန်မှာလည်း အမျိုးသားလွှတ်တော် ၁ နေရာဝင်ပြိုင်ဖို့ စီစဉ်ထားတာပါ။ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ့်လူမျိုးပါတီကို မဲပေးတာ နည်းခဲ့ပေမယ့် အခု ၅ နှစ်အတွင်းအခြေအနေတွေကြောင့် လူမျိုးစုပါတီတွေ ပိုပြီး မဲရနိုင်တယ်လို့ အရှိုချင်း အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ပြောပါတယ်။  သူတို့ပါတီအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်ထဲမှာ ၂ နေရာ ဝင်ပြိုင်ခဲ့ပြီး အခုတော့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာပဲ ဝင်ပြိုင်မှာပါ။  “ရခိုင်ပြည်နယ်ထဲက သွားလာဖို့ မလွယ်တဲ့ နေရာတွေကိုတော့ အွန်လိုင်း၊ ဖုန်းတို့နဲ့ပဲ စည်းရုံးရမှာပေါ့။ တခြားနေရာအတွက်လည်း လူစုဝေးခွင့်က ဘယ်လိုလာမယ်တော့ မသိသေးဘူး” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ် ၂ ရက်နေ့အထိ တသီးပုဂ္ဂလ ၈ ယောက်အပါအဝင် မဲဆန္ဒနယ်အသီသီးအတွက် ကိုယ်စားလှယ်လောင်း ၉၇ ယောက် အမည်စာရင်း တင်သွင်းထားပြီလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်တဲ့ မြိုတိုင်းရင်းသားပါတီ ၃ ခုရှိပြီး အဲဒီထဲက မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024