ဖွင့်ခွင့်ပြုထားသည့် စက်ရုံများကို ကျန်းမာရေးညွှန်ကြားချက်နှင့် ညီ၊ မညီ ပြန်စစ်ဆေး
DVB
·
August 3, 2020
ကျန်းမာရေးညွှန်ကြားတွေချက်နဲ့ မကိုက်ညီလို့ စစ်ပေးဖို့ အလုပ်သမားအဖွဲ့ချုပ်တွေက တောင်းဆိုလာတဲ့ စက်ရုံတွေကို ဦးစားပေးပြီး ပြန်လည်စစ်ဆေးတာတွေ လုပ်နေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
စက်ရုံ အလုပ်ရုံဆိုင်ရာ အလုပ်ဌာနတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လိုက်နာမှု ရှိ၊ မရှိ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်သမားဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ရှောင်တခင်စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။
ဒီလိုစစ်ဆေးမှုတွေက အရင်က စစ်ဆေးပြီး ဖွင့်ခွင့်ပြုခဲ့တဲ့ စက်ရုံတွေမှာ ကျန်းမာရေးပိုင်းဆိုင်ရာတွေကို အမြဲမပြတ်လိုက်နာဖို့အတွက် စစ်ဆေးတာဖြစ်သလို အလုပ်သမားအဖွဲ့ချုပ်တွေက ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုလာတဲ့ စက်ရုံတွေကို ဦးစားပေး စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
ဒီလိုစစ်ဆေးမှုတွေကို အထူးသဖြင့် ရန်ကုန်တိုင်းက စက်ရုံအလုပ်ရုံတွေမှာ လုပ်နေတာပါ။ ရန်ကုန်တိုင်းမှာ လက်ရှိ A နဲ့ B အဆင့်သတ်မှတ်ချက်ရလို့ ဖွင့်လှစ်ခွင့်ပြုထားတဲ့ စက်ရုံအရေအတွက်က ၆၀၀၀ ကျော်ရှိပြီး အဲဒီစက်ရုံတွေကို ထပ်မံပြီး ရှောင်တခင် စစ်ဆေးတာတွေလုပ်ဖို့ ညွှန်ကြားထားတာပါ။
ဒီလိုညွှန်ကြားချက်အရ စစ်ဆေးမှုတွေမှာ အရေးယူထားတာတော့ မရှိသေးဘူးလို့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအရ စက်ရုံအလုပ်ရုံပေါင်း ၇ ထောင်လောက်ရှိနေပြီး ဆိုင်၊ အလုပ်ဌာနတွေ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဆို လုပ်ငန်းပေါင်း သောင်းချီရှိနေတာပါ။
ရန်ကုန်တိုင်းအတွင်းမှာလည်း စက်ရုံ အလုပ်ရုံပေါင်း ၆၆၀၀ ကျော်လောက်ရှိပြီး ဆိုင်အလုပ်ဌာနတွေပါ အပါအဝင်ဆိုရင် စုစုပေါင်း ၁၇၀၀၀ ကျော်လောက်ရှိနေတာပါ။
ဒါပေမဲ့ လက်ရှိ ပြည်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကြောင့် စက်ရုံ အလုပ်ရုံတွေမှာ လိုက်နာမှုက အတော်လေးအားနည်းလာတာကို တွေ့ရတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ဝေဖန်ထားပါတယ်။
ဇာခြည်