Home
ဆောင်းပါး
ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ
DVB
·
August 3, 2020
ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဆေးပြင်းတစ်မျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရချိန်မှာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေး သောက်ဖို့ ညွှန်ပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးထဲမှာတော့ ပိုးသတ်ဆေး မပါဝင်ပါဘူး။ ပုံမှန်ဆေးတွေမှာလည်း အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို ပိုးသတ်ဆေးလို ဆေးပြင်းတွေမှာဆို ပိုပြီးတောင် ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အတွက် ရောဂါကုဖို့ အဓိက၊ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေကို နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းတာက သာမညလို့ မှတ်ယူထားဖို့ လိုပါတယ်။

ဒါဆို ပိုးသတ်ဆေးသောက်လို့ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

ဘေးထွက်ဆိုးကျိုးတွေဟာ ဆေးတံဆိပ်နဲ့ ဆေးအမျိုးအစားပေါ် မူတည်သလို သောက်တဲ့လူနဲ့ ဆေး တည့်၊ မတည့်ပေါ် မူတည်ပြီးတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်း ကွာခြားသွားနိုင်ပါတယ်။ ခုပြောပြပေးမှာကတော့ လူအများစုကြုံတွေ့ရတဲ့ ပိုးသတ်ဆေးသောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဖြေရှင်းနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

၁။ ဗိုက်အောင့်ဗိုက်နာခြင်း

ပိုးသတ်ဆေးကြောင့် ဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းမှာ အော့အန်ချင်တာ၊ မူးဝေတာ၊ ပျို့တက်တာ၊ ဝမ်းလျှောတာတွေ တွဲပြီးပါလာတတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေအပြင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါ သေကုန်လို့ ဖြစ်ရတဲ့ လက္ခဏာပါ။ ဒီအတွက် ကိုယ်သောက်မယ့်ဆေးက အစာစားပြီး သောက်ရမယ့်ဆေးလား၊ အစာမစားခင် သောက်ရမယ့် ဆေးလားဆိုတာ အရင်သိအောင် မေးမြန်းထားဖို့ လိုပါတယ်။ ဆေးအညွှန်းအတိုင်း သောက်ဖို့လိုတဲ့အပြင် အကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ပေါက်ဖွားလာစေနိုင်တဲ့ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက် စတာတွေကိုလည်း များများစားပေးဖို့ လိုအပ်ပါတယ်။

၂။ မျက်စိ အလင်းစူးမခံနိုင်ခြင်း

ပိုးသတ်ဆေးကို ရက်အနည်းငယ်ကြာ သောက်ပြီးတဲ့နောက် သာမန်အလင်းရောင်ဟာ မျက်လုံးထဲ စူးသလို ဖြစ်ပြီး သေချာစိုက်ကြည့်လို့ မရတာ၊ အမြင်အာရုံဝေဝါးတာမျိုးတွေ ဖြစ်နိုင်သလို အရေပြားသည်လည်း နေလောင်ဒဏ် ပိုပြီးခံရနိုင်ခြေ ရှိပါတယ်။ ဒီဘေးထွက်ဆိုးကျိုးအတွက် အပြင်သွားတဲ့အခါ နေကာမျက်မှန် တပ်ပေးတာ၊ နေရောင်ခြည်နဲ့ ထိနိုင်တဲ့ အရေပြားနေရာ မှန်သမျှကို နေလောင်ကာခရင်မ် လိမ်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ နေအရမ်းပူတဲ့အချိန်တွေ အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ အပြင်သွားတဲ့အခါ ဦးထုပ်၊ ထီးပါ ဆောင်းပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။

၃။ အဖျားတက်ခြင်း

ပိုးသတ်ဆေးနဲ့ ဓာတ်မတည့်တာ၊ ဆေးပြင်းစွဲသောက်ရလို့ ကိုယ်ခံအားကျဆင်းပြီး ရိုးရိုးဖျားနာတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။ အဖျားတက်တယ်ဆိုတာ ပိုးသတ်ဆေးသောက်လို့ အလွန်အတွေ့များတဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေထဲက တစ်ခုပါ။ ပုံမှန်အားဖြင့်တော့ တစ်ရက် နှစ်ရက်လောက်နေရင် သူ့အလိုလိုအဖျားပျောက်သွားတတ်ပါတယ်။ ဒီကြားကာလမှာ အရည်များများ သောက်ပါ။ အသီးအနှံများများစားပါ။ အမာစာ၊ အသား၊ အဆီ၊ အကြော်အလှော်တွေ ရှောင်ပေးပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးပါ။ ၂ရက်နေလို့မ်ှ မပျောက်ရင် အဖျားပျောက်ဆေး ဝယ်သောက်လို့ရသလို ဆရာဝန်နဲ့ ပြန်ပြကြည့်ပြီး ဆေးပြောင်းတာမျိုး လုပ်ပေးလို့ ရပါတယ်။

၄။ မိန်းမကိုယ် မှိုစွဲခြင်း

ပိုးသတ်ဆေးဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကိုရော၊ အကျိုးပြု ဘက်တီးရီးယားကိုပါ သေဆုံးစေနိုင်တဲ့အထိ အာနိသင်ပြင်းပါတယ်။ မိန်းမကိုယ်မှာ သဘာဝအလျောက် မှိုစွဲခြင်းမဖြစ်စေဖို့ ကာကွယ်ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေပါတယ်။ ဒီဘက်တီးရီးယားတွေ ပိုးသတ်ဆေးကြောင့် သေဆုံးသွားတဲ့အခါ မှိုပိုးတွေက ပွားလာပြီး မိန်းမကိုယ်မှိုစွဲခြင်း ဖြစ်လာတာပါ။ ဒါကို ကုသဖို့အတွက် ကိုယ်ပြသနေတဲ့ ဆရာဝန်ထံမှာ အရင်ပြသပြီး ရောဂါလက္ခဏာတွေ ကြည့်ပြီးနောက် မှိုစွဲတယ်လို့ အတည်ပြုပေးမှာဖြစ်ပါတယ်။ ထို့နောက်မှာ မှိုပိုးကို သေစေတဲ့ မိန်းမကိုယ်လိမ်းဆေး၊ ခရင်မ်တွေကို ပေးသွားမှာဖြစ်ပြီး နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် မှိုစွဲခြင်းကို ပြန်ထိန်းချုပ်နိုင်ပါတယ်။

၅။ သွားအရောင်ဝါခြင်း

သွားပေါက်ကာစ အသက် ၈ နှစ်အောက်ကလေးတွေမှာ အလွန်အဖြစ်များပြီး ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း ပိုးသတ်ဆေးသောက်မိလို့ မွေးလာတဲ့ကလေးမှာ သွားအရောင်က မဖြူဘဲ ဝါညစ်ညစ်အရောင်တွေ ဖြစ်နေတတ်ပါတယ်။ ဒီပြဿနာအတွက် ကိုယ်ပြနေတဲ့ ဆရာဝန်ဆီမှာပဲ ပိုးသတ်ဆေး တခြားအမျိုးအစားကို ဆေးပြောင်းပေးဖို့ တောင်းဆိုလို့ ရပါတယ်။

၆။ ပြင်းထန် ဓာတ်မတည့် လက္ခဏာများ

ပိုးသတ်ဆေးကြောင့် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ မပါပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဘယ်လို ပြင်းထန် ဓာတ်မတည့် လက္ခဏာတွေလဲဆိုရင် • ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ အင်ပျဉ်ကွက်တွေ ထလာခြင်း • အသက်ရှူရကျပ်ပြီး မျက်နှာ ပြာနှမ်းလာခြင်း • မျက်နှာ၊ လျှာ ဖောရောင်ပြီး နာကျင်ခြင်း • သွေးမတိတ်တော့ခြင်း • နှလုံးခုန် မမှန်ခြင်း • သွေးပေါင်ကျသွားခြင်း • ရုတ်တရက် တက်ခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီလက္ခဏာတွေဟာ သောက်လိုက်တဲ့ ပိုးသတ်ဆေးနဲ့ လုံးဝဓာတ်မတည့်တဲ့အခါ၊ လူနာရဲ့ ကိုယ်ခံအားစနစ်ကို ဆိုးရွားစွာ ကျဆင်းနေချိန်မှာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို ပြင်းထန်တဲ့ ဓာတ်မတည့်လက္ခဏာ တွေ့ရပြီဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။  ရေးသားသူ Ye Myo Myat ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024