A d v e r t i s e m e n t With Us

ပဲခူးတိုင်းရှိ စစ်တပ်မဲရုံတချို့တွင် အရပ်သားများမဲပေးနိုင်ရန် စီစဉ်ထား

ပဲခူးတိုင်းထဲက ဒေသတချို့ရဲ့ စစ်တပ်မဲရုံတွေမှာ အနီးဒေသက ပြည်သူတွေကိုပါ ပူးတွဲ မဲပေးဖို့ မဲရုံ ၁၈ ရုံ စီစဉ်ထားတယ်လို့ တိုင်းကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ  ပဲခူးတိုင်းထဲမှာရှိတဲ့ စစ်တပ်တွေကို  တပ်ရဲ့ အပြင်ဘက်မှာ မဲရုံတွေ ဖွင့်ပြီး ဖို့စီစဉ်ထားသလို အရပ်ဘက်နဲ့နီးတဲ့ တချို့နေရာတွေမှာ အရပ်သားတွေလည်း မဲပေးနိုင်ဖို့ စီစဉ်ထားတာပါ။ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က “ရွာနဲ့လည်း ကပ်နေတယ်။ ဒါမှမဟုတ် ရပ်ကွက်နဲ့လည်း ကပ်နေတယ်ပေါ့။ သူတို့ရဲ့အင်အားနဲ့ အရပ်ဘက်က အင်အားပေါင်းလို့ အင်အားက အများကြီးကျော်မသွားဘူးဆိုရင် အရပ်ဘက်နဲ့ တပ်ဘက်အင်အားပေါင်းပြီး မဲရုံတခုတည်းမှာ အတူတကွမဲပေးရမှာဖြစ်လို့ ပူးတွဲလို့ သုံးတာ။ ဒါလည်း တပ်နဲ့ ညှိနှိုင်းပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။ တပ်တွေဟာ လူနေရပ်ကွက်တွေနဲ့ အလှမ်းဝေးပြီး တပ်ဖွဲ့ဝင်အင်အားကလည်း များတယ် ဆိုရင်တော့ တပ်မတော်သားတွေပဲ သီးခြားမဲပေးရမှာဖြစ်ပြီး မဲရုံတွေကိုတော့ တပ်နဲ့နီးတဲ့ နေရာမှာ သတ်မှတ်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပဲခူးတိုင်းမှာ စစ်တပ်အများဆုံးရှိတဲ့ ပန်းတောင်မြို့နယ်ထဲက တပ်တွင်းမဲရုံ တခုကတော့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ကို တပ်ထဲကိုဝင်ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် အခုလို တပ်အပြင်မှာ မဲရုံတွေအားလုံးကို ထုတ်လိုက်နိုင်မယ်ဆိုရင်တော့ အားလုံး လွတ်လွတ်လပ်လပ် မဲပေးခွင့်လည်း ရနိုင်မယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်   ပဲခူးတိုင်းအတွင်းမှာ မဲရုံပေါင်း ၄၁၂၉ ရှိပြီး အဲဒီအထဲမှာ တပ်အပြင် သီးခြားမဲရုံ ၅၉ ရုံ၊ ပူးတွဲမဲရုံ ၁၈ ရုံရှိပါတယ်။ မဲဆန္ဒရှင်ပေါင်း ၃၈ သိန်းကျော်ရှိပြီး မဲဆန္ဒရှင် အသစ်ကတော့ ၄ သိန်း ၃ သောင်းကျော်ရှိပါတယ်။ မင်းညို

A d v e r t i s e m e n t With Us

More News
Up