အိန္ဒိယတွင် အရက်တုကြောင့် သီတင်းပတ်အတွင်း လူ ၈၆ ဦး သေဆုံး

1K
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ ဒီသီတင်းပတ်အတွင်း တရားမဝင် ထုတ်လုပ်တဲ့ အရက်တွေသောက်တာကြောင့် လူ ၈၆ဦး သေဆုံးပြီးတဲ့နောက် ရဲတွေက တရားမဝင် အရက် ထုတ်လုပ်ရောင်းနေတဲ့ ရွာသိမ်ရွာငယ်တွေက ဂိုဏ်းတွေကို ဝင်စီးပြီး ဖမ်းဆီးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ခရိုင် ၃ ခုမှာ စီးနင်းမှု အကြိမ် ၁၀၀ ကျော်အတွင်း လူ ၂၅ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ရွာတွေ လမ်းဘေး ဈေးဆိုင်တွေကနေ အရက် လီတာ ရာချီ သိမ်းဆည်းခဲ့တယ်လို့ ပန်ဂျပ်ပြည်နယ် ရဲချုပ် ဒင်ကာဂုပတာက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ အရည်တချို့ဟာ အရက်အဆင့်မဟုတ်ဘဲ သုတ်ဆေးတွေ၊ စက်မှုလုပ်ငန်းတွေမှာသုံးတဲ့ အရက်ပြန် ပုံပြောင်းအဆင့်တွေလို့ အစိုးရ အရာရှိတယောက်က ပြောပါတယ်။
ချက်အရက်လို့ ဒေသခံတွေကြား လူသိများတဲ့ တရားမဝင် ထုတ်လုပ်တဲ့ အရက်တွေကို သောက်လို့ သေဆုံးမှုဟာ အိန္ဒိယမှာ ပုံမှန်ဖြစ်နေကြပါ။ လူအများအပြားက ကုန်အမှတ်တံဆိပ်တွေနဲ့ ထုတ်တဲ့အရက်ကို မတတ်နိုင်ကြပါဘူး။
ဇူလိုင် ၃၁ ရက်ကလည်း အိန္ဒိယ တောင်ပိုင်း ပြည်နယ်တခုမှာ အရက်နဲ့ လုပ်ထားတဲ့ လက်သန့်ဆေးရည်ကို သောက်တာကြောင့် အမျိုးသား ၁၀ သေဆုံးခဲ့ပြီး ဒေသအရက်ဆိုင်တွေကို ပိတ်ပစ်ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။