ပေါင်မြို့နယ်၌ ကျပ်သိန်း ၂၀၀ နှင့်ရွှေထည်များ ဖောက်ထွင်းသွားသူကို ရဲတပ်ဖွဲ့ ရှာဖွေနေ
DVB
·
August 3, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ မြိုင်သုခလမ်းရှိ နေအိမ်တလုံးမှာ သြဂုတ် ၁ ရက် ညပိုင်းက ငွေကျပ်သိန်း ၂၀၀ လောက်နဲ့ ရွှေထည်တွေ ဖောက်ထွင်းသွားသူအား ဖမ်းဆီးမိရေးအတွက် ရဲတပ်ဖွဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်တင်မိုး(ခ)မိအုန်းမြင့်မှာ မိသားစုနဲ့အတူ နေအိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် မျက်နှာကို ပုဆိုးအုပ်ထားတဲ့ လူတဦးက နေအိမ်အပေါ်ထပ်ကို ပြတင်းပေါက်တံခါးကတဆင့်ဝင်ကာ အပေါ်ထပ်ရှိ အဝတ်ဗီရိုထဲက ငွေကျပ်သိန်း ၂၀၀ လောက်နဲ့ ရွှေ ၈ ကျပ်သားလောက် ယူဆောင်ထွက်ပြေးသွားတာပါ။
နေအိမ်ဖောက်ထွင်းခံရသူ ဒေါ်တင်မိုး(ခ)မိအုန်းမြင့်က "မနက်အစောကြီး ၂ နာရီလောက်ရှိမယ်၊ အိမ်နောက်ဖေးဘက်က အသံကြားလို့ ထကြည့်တာ သူ့မျက်နှာကို ပုဆိုးနဲ့စည်းထားတယ်။ ကျမက သူခိုး သူခိုးလို့ အော်လိုက်တော့မှ အိမ်ခေါင်မိုးပေါ်က ခုန်ဆင်းပြီးထွက်ပြေးသွားတာပါ။ စိတ်မချလို့အပေါ်ထပ်က ဗီရိုကိုသွားပြန်ကြည့်တော့မှ အဝတ်အစားတွေအားလုံး ဖွထားပြီးတော့ အထဲက ပိုက်ဆံနဲ့ ရွှေတွေပါသွားတာ သိရတယ်" လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါင်မြို့မ ရဲစခန်းက (ပ)၄၁၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကာ တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေတယ်လို့ ရဲစခန်းက သိရပါတယ်။
ယူမင်းစိုး၊ ဓာတ်ပုံ - Michael Kyaw Mya Win