Home
မြန်မာသတင်း
လူ့အခွင့်အရေးမချိုးဖောက်ရန် သက်ဆိုင်ရာ တပ်ဖွဲ့အားလုံးကို သတိပေးစည်းကမ်း ချမှတ်သင့်
DVB
·
August 2, 2020
တိုက်ပွဲတွေကြားမှာ အရပ်သားလုံခြုံရေးနဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တွေအားလုံးကို ကြိုတင်သတိပေးစည်းကမ်းတွေ ချမှတ်ထားသင့်တယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ဆိုပါတယ်။  ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၂၀၁၉ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် ပြည်တွင်းစစ်ကာလအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒေသခံပြည်သူတွေ မကြာခဏခံစားနေရတယ်လို့ ဆိုပါတယ်။  ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဇူလိုင် တလအတွင်း မိုင်းပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဒေသခံပြည်သူတွေအတွက် လုံခြုံမှုမရှိသလို၊ တောင်ယာလုပ်ငန်းခွင်တွေ ဝင်ဖို့အတွက်လည်း အခက်အခဲတွေ ဖြစ်နေတယ်လို့ ကွတ်ခိုင်မြို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်နေတဲ့ ဒေသခံပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးကျူးလွန်တဲ့ ဘယ်လက်နက်ကိုင်ကို မဆိုဆန့်ကျင်ပြီး အရပ်သားတွေအပေါ်မှာ လူ့အခွင့်အရေးကျူးလွန်မှုတွေ ထပ်မဖြစ်အောင် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တွေအားလုံးကို ကြိုတင်သတိပေး စည်းကမ်းတွေ ချမှတ်ထားဖို့ လိုအပ်တယ်လို့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် မချုပ်နိုင်သေးတဲ့ ကာလမှာ အရပ်သား လုံခြုံရေးနဲ့ ပတ်သက်ပြီး မကြာခင်ကျင်းပမယ့် ပင်လုံညီလာခံမှာ ညှိနှိုင်းဆွေးနွေးသင့်တယ်လို့ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။ ကွတ်ခိုင်မြို့ထဲမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေး တစ်ဦးလည်း မိုင်းစထိမှန်ပြီး ပြင်းထန်းဒဏ်ရာရရှိခဲ့ကာ သေဆုံးခဲ့ပြီး အသက်ငါးနှစ်ကနေ ခုနှစ်နှစ်အရွယ် ကလေး ငါးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  ဇူလိုင်လအတွင်းမှာပဲ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့က ဒေသခံ ပြည်သူတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊  လူ့အခွင့်ရေး ချိုးဖောက်တာတွေရှိတဲ့အတွက် အရပ်ဘက် အဖွဲ့စည်း ၅၀ လောက်က ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။  သူတို့တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ TNLA ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး TNLA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ နူးရာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024