ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင်စာရင်း လာကြည့်သူ ၂၀ ရာခိုင်နှုန်းအောက်သာရှိ
DVB
·
August 2, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကနဦးမဲဆန္ဒရှင်စာရင်းရဲ့ ၂၀ ရာခိုင်နှုန်းအောက်သာ မဲစာရင်းလာကြည့်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၂၅ ရက်နေ့ကနေ စတင်ကပ်ထားပေးတာမှာ သြဂုတ် ၂ ရက်နေ့ထိဆိုရင် မဲဆန္ဒရှင်စာရင်းကပ်ထားတာ ၉ ရက်မြောက်ရှိသွားပါပြီ။
ဒါပေမဲ့ မဲဆန္ဒရှင် ၁၈၀၀၀ ကျော်ရှိနေတဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာဆိုရင် မဲစာရင်းလာကြည့်သူ ၆၀၀ ဝန်းကျင်ပဲရှိနေပါတယ်။
လာကြည့်သူတွေဟာ သူတို့မိသားစုဝင်တွေအတွက်ပါ ကြည့်တာကြောင့် စုစုပေါင်း ၁၈၀၀ ဝန်းကျင်လာကြည့်တဲ့သဘောဖြစ်ပြီး အဲဒီရာခိုင်နှုန်းဟာ မဲစာရင်းမှာ ပါဝင်သူရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိနေတာပါ။
ရန်ကုန်တိုင်း တတိုင်းလုံးမှာဆိုရင် မဲစာရင်းလာကြည့်တဲ့ မြို့နယ်တွေထဲမှာ ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းလောက်သာ လာကြည့်တဲ့ မြို့နယ်တွေလည်း ရှိနေပါတယ်။ တချို့မြို့နယ်တွေမှာတော့ ၇ ရာခိုင်နှုန်းလောက်ထိ လာကြည့်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောပါတယ်။
လာကြည့်တဲ့သူတွေဟာ သူတို့မိသားစုတွေနဲ့ နီးစပ်တဲ့သူတွေအတွက်ပါ ကြည့်ပေးတာ ဖြစ်တဲ့အတွက် ၂၀ ရာခိုင်နှုန်းနီးပါးထိတော့ လာကြည့်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီရာခိုင်နှုန်းဟာ နည်းပါးတဲ့ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မဲစာရင်းလာကြည့်ပေးဖို့ကို တိုက်တွန်းပါတယ်။
ဒါ့အပြင် မဲစာရင်းထဲ နာမည်မပါဝင်တာတွေ၊ အချက်အလက်မှားယွင်းတာတွေလည်း ရှိနေတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုပြီး ပြင်ဆင်၊ ဖြည့်စွက်ရာမှာ ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ကော်မရှင်ဘက်က တိုက်တွန်းထားပါတယ်။
ထက်ဝေအောင်