TikTok ဖုန်းအပလီကေးရှင်း အမေရိကန်တွင် တားမြစ်မည့်အမိန့် သမ္မတထရမ့် လက်မှတ်ထိုးမည်
DVB
·
August 2, 2020
ဗွီဒီယိုအတိုတွေ ရိုက်ကူးမျှဝေနိုင်တဲ့ တရုတ်ပိုင် TikTok ဖုန်းအပလီကေးရှင်းကို အမေရိကန်နိုင်ငံထဲမှာ မသုံးနိုင်အောင် တားမြစ်ပိတ်ပင်မယ့် အထူးအမိန့်ကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။
စာရွက်စာတမ်းတွေကို မနက်ဖြန် လက်မှတ်ထိုးမယ်လို့ ထရမ့်က Air Force One လေယာဉ်ပေါ် မှာ သတင်းထောက်တွေကို ပြောပါတယ်။
TikTok ကို ဝယ်မယ့် အလားအလာရှိတဲ့ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း၊ ByteDance ကုမ္ပဏီနဲ့ အိမ်ဖြူတော်ကြား သောကြာနေ့က ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ ထရမ့်က ခုလို ကြေညာတာပါ။
တရုတ်ကုမ္ပဏီက အမေရိကန်လုပ်ငန်းစဉ်တွေကိုရပ်ဖို့ သဘောတူညီချက် မရခဲ့ဘူးလို့ ဒီကိစ္စကို ရင်းနှီးတဲ့လူတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။
TikTok ကို သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ ဘေးကင်းရေး၊ TikTok ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးကို စိုးရိမ်မှု တိုးစေလို့ ခုလို လုပ်တာလို့ ဆိုပါတယ်။
ဒါဟာ TikTok အပလီကေးရှင်း ပိုင်ရှင်ဖြစ်တဲ့ တရုတ်မြို့တော် ပေကျင်း အခြေစိုက် ByteDance ကုမ္ပဏီအတွက် အကြီးစားထိုးနှက်ချက်ပါ။
ဒီအပလီကေးရှင်းရဲ့ စီးပွားရေး အောင်မြင်မှု ကျေးဇူးကြောင့် ကမ္ဘာသုံး တရုတ်လုပ်ငန်းစုံ ကုမ္ပဏီကြီး လက်တဆုပ်စာထဲမှာ ByteDance ကုမ္ပဏီ ပါလာခဲ့တာပါ။
လာမယ့်ရက်တွေမှာ အိမ်ဖြူတော် ဘိုက်ခ်ဒန့်စ်နဲ့ မိုက်ခရိုဆော့ဖ်တို့ ဆက်ပြီး ဆွေးနွေးကြဖို့ မျှော်လင့်ထားပါတယ်။