Home
မြန်မာသတင်း
ရေထွက်ကုန် ထိုင်းဘက်တင်ပို့ရာတွင် ဌာနဆိုင်ရာကို ငွေကြေးပေးရဟု လုပ်ငန်းရှင်များပြော
DVB
·
August 2, 2020
တနင်္သာရီ ကမ်းရိုးတန်းပင်လယ်ပြင်ထဲက ဖမ်းဆီးရမိတဲ့ ရေထွက်ကုန်တွေကို ကော့သောင်းနယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲ သွားရောက်ရောင်းချတဲ့နေရာမှာ ဌာနဆိုင်ရာတွေကို တရားမဝင် ငွေကြေးပေးရတာမျိုးတွေရှိတယ်လို့ ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။  ရေထွက်ကုန်ပစ္စည်းတွေဟာ အချိန်နဲ့တပြေးညီ ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်ပြီး အချိန်ကြာမြင့်တာနဲ့အတူ တဖက်နိုင်ငံကို သွားရောင်းချတဲ့နေရာမှာ ဈေးကောင်းရရှိဖို့ ခက်ခဲတာကြောင့် အဲဒီအခြေအနေပေါ်မှာ ဌာနဆိုင်ရာတွေက လုပ်ကိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်နေတာတွေ ရှိတဲ့အတွက် အခုလို ပေးနေရတာလို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။  “အခွန်အခပေးတာမဟုတ်ဘဲနဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို ကျနော်တို့က ငွေနဲ့ လမ်းခင်းပြီးတော့ လုပ်ရတယ်။ ပထမ ငါးဦးစီးကို ၁ သောင်း၊ ကာစတန်ကို ၁ သောင်း၊ အီးဒီ ၁ သောင်း။ ဒါက နိုင်ငံတော်ကိုပေးရတာ မဟုတ်ဘူး။ ဒါတွေအကုန်လုံးက သူတို့ လက်မှတ်ထိုးပေးရတာ။ အဲဒီလက်မှတ်ထိုးပေးတဲ့အပေါ်မှာ လက်မှတ်မြန်မြန်ထိုးပေးအောင် ကျနော်တို့က ပေးမှ ရမယ်။ မပေးတဲ့ကုမ္ပဏီဆိုရင် လက်မှတ်ထိုးပေးတာတွေလည်း မထွက်ဘူး။ မပေးရင် မထွက်ဘူး။” အဲဒီလို ငွေကြေးပေးရတာမျိုးတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်ငန်းရှင်နဲ့ ဌာနဆိုင်ရာ နှစ်ဖက် ပူးပေါင်းပြီး ကုန်ချိန် ငါးတန်ဖိုးနဲ့ ငါးအမျိုးအစားကို အမှန်မပြမှုတွေရှိတာကြောင့် တိုင်းပြည်အတွက် အခွန်ခတွေ အများကြီးနစ်နာနေတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက  ပြောပါတယ်။ “ငါး ဆိုတာက ကုန်စိုဖြစ်ပြီး ပုပ်တတ်တဲ့အမျိုးဖြစ်တဲ့အတွက် ဒီအခြေအနေမှာ အခွင့်ကောင်းယူပြီး သက်ဆိုင်ရာဌာနကို မိမိရဲ့အလုပ် မြန်ဆန်အောင် လာဘ်ထိုးတာပေါ့။ သက်ဆိုင်ရာဌာနကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အမြန်လိုရင် လိုသလို လုပ်ကြတယ်လို့ ကျနော်တို့ ကြားရတယ်။ အဲဒီလို ကုန်ချိန်လျှော့ပြတယ်၊ ငါးအမျိုးအစားကို မမှန် ပြတယ်။ အဲဒီလိုအခြေအနေကို မူတည်ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်တွေ နှစ်ဖက်လုံး ကောင်းသွားတာပေါ့။ သွားနစ်နာတာက နိုင်ငံတော်မှာ  အခွန်အခပေါ့။” နိုင်ငံတော်အနေနဲ့ အခွန်အခ နစ်နာတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေတာတွေ ရှိနေပေမယ့် တနင်္သာရီတိုင်းမှာတော့ တစ်နှစ်ထက်တစ်နှစ် ပို့ကုန်တန်ဖိုး မြင့်မားလာနေတယ်လို့လည်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် တိုင်းဦးစီးမှူး ဦးသံချောင်းက ပြောပါတယ်။ “ဒေသမှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဌာနလုပ်ငန်းရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ သွားရောက်ကြည့်ရှုလေ့လာတာတွေ ရှိတယ်။ ဒီလို နစ်နာဆုံးရှုံးသွားတယ်လို့သာ ပြောတာ တနင်္သာရီတိုင်းကတော့ တနှစ်ထက် တနှစ် ပို့ကုန်တန်ဖိုးကတော့ မြင့်လာတယ်။” ရေထွက်ကုန်တွေကို တဖက်နိုင်ငံ ငါးဈေးကွက်ကို သွားရောက်ရောင်းချတဲ့နေရာမှာ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ တွေအနေနဲ့ ပို့ကုန်တွေကို အတိအကျ စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘဲ သင်္ဘောပေါ်မှာတင် မျက်မြင်အနေထားနဲ့သာ ကုန်ချိန်နဲ့ ငါးတန်ဖိုးအမျိုးအစားကို ခန့်မှန်းတွက်ချက်ပြီး ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။  အဲဒီလိုအခြေနေတွေကြောင့် တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်တစ်ခုတည်းမှာတင် တနှစ်ကို အခွန်ငွေ ဘီလီယံ ၃၀ လောက် နစ်နာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဆွေးနွေးခဲ့တာရှိပါတယ်။ အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024