ဥရောပတိုက်တလွှား အပူလှိုင်းဖြတ်နေ

ဥရောပတိုက်တလွှားမှာ အပူလှိုင်းဖြတ်နေလို့ နေရာအတော်များများမှာ အပူချိန်က ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထိ မြင့်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ဒုတိယလှိုင်း ဖြစ်နိုင်ခြေအတွက် လုပ်ဆောင်ချက် အသစ်တွေ လုပ်နေရချိန်မှာ အပူးလှိုင်းဖြတ်နေလို့ ကျန်းမာရေး သတိပေးချက်တွေ ထပ်ပြီး ထုတ်နေရတာပါ။
ဂျာမနီက လူအများအပြားကတော့ အေးအောင် ရေစိမ်ဖို့ ကြိုးစားနေပါတယ်။
ဟမ်းဘာ့ဂ်မြို့ကနေ မြူးနစ်ချ်မြို့အထိ ကမ်းခြေတွေနဲ့ စားသောက်ဆိုင်တွေမှာ သီတင်းပတ် ကုန်ရက်က လူစည်ကားနေပါတယ်။
ဂျာမန် မိုးလေဝသဌာနကတော့ နိုင်ငံတွင်း ဒေသအများအပြားမှာ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ပြီး မိုးရွာတော့မှာမို့ အပူဒဏ် အဆုံးသတ်တော့မယ်လို့ ခန့်မှန်းထားပါတယ်။
စပိန် မိုးလေဝသ အေဂျင်စီကတော့ အာဖရိကတိုက်က လေပူတွေ လာနေလို့ စနေနေ့ထိ အပူဒဏ် ဆက်ရှိနေမယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန် မိုးလေဝသဌာနကတော့ လူတွေ ရေများများ သောက်ကြဖို့နဲ့ အအေးစာ စားကြဖို့၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာ ရှောင်ဖို့ အကြံပြုထားပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာ ဒီအပတ်အစောပိုင်းက အပူလှိုင်းဖြတ်လို့ တနင်္လာနေ့ကတည်းက အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်နေပါတယ်။