Live
Home
မြန်မာသတင်း
ပဲခူး GTI ကျောင်း စီမံကိန်းမြေအတွင်း နေအိမ်အချို့ကို အင်အားသုံး ဖယ်ရှား
DVB
·
August 1, 2020
ပဲခူး GTI ကျောင်း စီမံကိန်းမြေအတွင်း ကျရောက်နေတယ်ဆိုပြီး သတိပေးစာ ပေးပို့ထားတဲ့ နေအိမ်တွေကို အာဏာပိုင်တွေက အင်အားသုံးဖယ်ရှားလိုက်ပါတယ်။ ပဲခူးတက္ကသိုလ်အနီးက လယ်သမား ၆၃ ဦးထံကနေ ပြီးခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက လယ်မြေဧက ၆၀၀ ဝန်းကျင်ကို ပဲခူးတက္ကသိုလ် တိုးချဲ့တည်ဆောက်ဖို့အတွက် သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သိမ်းယူခဲ့ပြီးနောက် အန်အယ်လ်ဒီ အစိုးရတက်လာပြီး စီမံကိန်းပိုလျှံမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ လယ်သမားတွေထံ ပြန်လည်မအပ်နှံဘဲ GTI ကျောင်းဆောက်မယ်ဆိုပြီး ဆက်လက်သိမ်းယူထားတာလို့ လယ်သမားတွေက ပြောပါတယ်။ အဲဒီနောက် လယ်းသမားတွေကို ၄၀×၆၀ မြေတကွက်စီနဲ့ လျော်ကြေး သိန်း ၃၀ ပေးပြီး  တိုင်းအစိုးရကနေ ညှိနှိုင်းပေးခဲ့ပေမယ့် လယ်သမား ၆ ဦးကတော့ လက်မခံခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲဒီ GTI ကျောင်းဆောက်မယ့် ဧရိယာအတွင်းက လယ်သမားတွေကို အကြိမ်ကြိမ် သတိပေးစာတွေ ပေးပို့ပြီး ဇူလိုင် ၃၁ ရက်နေ့မနက် ၇ နာရီလောက်မှာ ၂ ထပ်အိမ် ၁ လုံး နဲ့ တဲအိမ် ၃ လုံးကို အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းအဖွဲ့အင်အား ၂၀၀ လောက်ကနေ စက်ယန္တရားတွေ နဲ့ အင်အားသုံး ဖယ်ရှားခဲ့ကြတယ်လို့ နစ်နာသူ လယ်သမားတွေက ပြောပါတယ်။ အခုသိမ်းဆည်းမြေနဲ့ ပတ်သက်ပြီး ဘိုးစဉ်ဘောင်ဆက် နေထိုင်လုပ်ကိုင်လာတဲ့ လယ်သမားတွေဘက်က အယူခံဝင်ထားတဲ့အတွက် ဗဟိုမြေစစ်ကနေ စစ်ဆေးနေဆဲကာလဖြစ်ပြီး ဆုံးဖျက်ချက်လည်း မကြသေးဘူးလို့ဆိုပါတယ်။  အဲဒီလို ဆုံးဖြတ်ချက်မကြခင်မှာ ခုလို ဆောင်ရွက်တာဟာ ဥပဒေနဲ့မညီဘူးလို့ သိမ်းဆည်းခံလယ်သမား ၁ ဦးဖြစ်တဲ့ ကိုစောထိန်လင်းက ပြောပါတယ်။ “အခု လာဖျက်တော့လည်း ဘယ်သူ ဖျက်ခိုင်းတာလဲဆိုတာ မေးမရတဲ့အတွက် ဘယ်သူ ဖျက်ခိုင်းတယ်ဆိုတာ သိဖို့အတွက် လယ်သမားတွေက ဘက်ဟိုးကြီးအထွက်မှာ တားဆီးထားကြပါသေးတယ်” လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ကို တွေ့ဆုံမေးမြန်းဖို့ သွားရောက်ခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့သလို ပါမောက္ခချုပ် အပါအဝင် ပဲခူးတက္ကသိုလ်က အခွင့်ရအာဏာပိုင် ဦးထွန်းထွန်းဦးနဲ့ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးတို့ကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အောင်စိုးမိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024