အမျိုးသမီးတဦးအား ပစ္စည်းလု သတ်ဖြတ်ခဲ့သည့် စစ်သည်နှစ်ဦးကို အမြင့်ဆုံး ပြစ်ဒဏ်ချ
DVB
·
August 1, 2020
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှာ ဇူလိုင် ၁၆ ရက်နေ့က အမျိုးသမီးတဦးအား ပစ္စည်းလုယက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သား သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ကို စစ်တရားရုံးက အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကျူးလွန်ခဲ့တဲ့ တပ်သား သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ဟာ ဇူလိုင် ၁၇ ရက်က ပြန်လည်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ် ကျူးလွန်ခဲ့တဲ့ စစ်သည်နှစ်ဦးဟာ ဇူလိုင် ၁၆ ရက်က ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ဇနီး ဒေါ်မုနော်ထံကနေ ပစ္စည်းလုယက်မှုအပြင် လူကို သေစေသည်အထိ ပြစ်မှု ကျူးလွန်ခဲ့တာကြောင့် ဇူလိုင် ၂၉ ရက်က စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ခဲ့ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တရားရုံးနဲ့ စစ်ဆေးဆောင်ရွက်ရာကို ဘီးလင်းမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင် အပါအဝင် ကျားကွင်း၊ ရင်းအုံ၊ ဒညင်းကုန်း၊ ကဇိုင်းကျေးရွာ စတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
photo: dsinfo