မန်စီးတီး လူငယ်နောက်ခံလူကို ဘာစီလိုနာက ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့နောက်ခံလူ အဲရစ်ဂါစီယာကို ဒီအပြောင်းအရွှေ့ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။  ဒါပေမဲ့ မန်စီးတီးအသင်းဘက်ကတော့ ကစားသမားကို ကာလရှည် သက်တမ်းတိုးလိုနေပါတယ်။  အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဂါစီယာဟာ ဘာကာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး မန်စီးတီးအသင်းနဲ့ စာချုပ်ဟာ ၂၀၂၂ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် ဘာကာအသင်းဟာ သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး အသက်ရလာပြီဖြစ်တဲ့ ပီကေးနေရာမှာ ကာလရှည်အစားထိုးဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။ ဂါစီယာဟာ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်ကတည်းက ဂွါဒီယိုလာရဲ့ လူစာရင်းမှာ ပုံမှန်ပါဝင်ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲအပြင် အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲမှာလည်း ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။  ဒါ့အပြင် လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂျွန်စတုန်း၊ အော်တာမန်ဒီ တို့ကို ကျော်ဖြတ်ကာ ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ထင်ကြေးပေးခံထားရသူ ဖြစ်ပါတယ်။  မန်စီးတီးဘက်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမတိုင်ခင်ကတည်းက ကစားသမားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ဂွါဒီယိုလာသာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် ကစားသမားအနေနဲ့ကလည်း သူ့အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိတယ်လို့ စပိန်က လာတဲ့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။  မန်စီးတီးနည်းပြဟာ အသင်းနဲ့စာချုပ် နောက်ဆုံး ၁၂ လကာလကို ရောက်ရှိနေပြီဖြစ်ပြီး ဂွါဒီယိုလာဘက်က အနာဂတ်နဲ့ပတ်သက်လို့ အခုချိန်ထိ ပြောဆိုတာမျိုး မရှိသေးပါဘူး။  ဒါ့ပေမဲ့ ဂါစီယာဟာ အသင်းနဲ့  စာချုပ်သစ်ချုပ်ဆိုမှာဖြစ်တယ်လို့ ယုံကြည်မှုရှိကြောင်း ဂွါဒီယိုလာက ပြောခဲ့ဖူးပါတယ်။  အသင်းကို အပြောင်းအလဲဖြစ်စေဖို့ လုပ်ဆောင်နေတဲ့ မန်စီတီးအသင်းဟာ တောင်ပံကစားသမား ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ပြီး ဘုန်းမောက်နောက်ခံလူ နာသန်အကီကို ခေါ်ယူဖို့လည်း သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။  ဒါ့အပြင် မန်စီးတီးဟာ နောက်ထပ်ခံစစ်မှူးတဦးဖြစ်တဲ့ နာပိုလီနောက်ခံလူ ကူလီဘာလီကိုလည်း ချိန်ရွယ်နေဆဲဖြစ်ပြီး နောက်ထပ်ခံစစ်ကစားသမားသစ်သာ ရောက်ရှိလာပါက ဂါစီယာဟာ အသင်းသစ်တခုမှာ မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up