Home
မြန်မာသတင်း
မြန်မာပြည်တောင်ပိုင်း လူဦးရေ ၃၀ ရာခိုင်နှုန်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းမရှိ၍ မဲပေးခွင့် ဆုံးရှုံးနိုင်
DVB
·
July 31, 2020
မြန်မာပြည်တောင်ပိုင်းဒေသက မြို့နယ် ၉ မြို့နယ်ရဲ့ မဲပေးနိုင်သူ လူဦးရေ ၃၀ ရာခိုင်နှုန်းဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိလို့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရှိ မြို့နယ် ၉ မြို့နယ်မှာ နေထိုင်ကြတဲ့သူမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိ မရှိ စစ်တမ်းတရပ် ကောက်ယူခဲ့ပါတယ်။ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုပြီး အမည်ပေးထားတဲ့ ဒီစစ်တမ်းကိုတော့ ဇူလိုင် ၃၀ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီစစ်တမ်းအရ မြို့နယ် ၉ မြို့နယ်မှာ ဆန္ဒမဲပေးနိုင်သူ ၁၃ သိန်းကျော် ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိလို့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် စီမံကိန်းဒါရိုက်တာ နိုင်ကဆုမွန်က ပြောပါတယ်။ ဒီစစ်တမ်းကို မွန်ပြည်နယ်ရှိ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်နဲ့ သထုံမြို့နယ်အပါအဝင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်၊ ကရင်ပြည်နယ်က ဘားအံ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ကောက်ယူခဲ့တာပါ။ စစ်တမ်းအရ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိသူဟာ စစ်ဘေးရှောင်ပြည်သူတွေ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လဝကတွေ ပူးပေါင်းပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ လုပ်ပေးဖို့ လိုအပ်နေတယ်လို့ လူထုလှုပ်ရှားမှုအစီအစဉ် ဦးဆောင်အဖွဲ့ဝင် မိမြင့်မွန်က ပြောပါတယ်။ စစ်တမ်းအရ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့သူတွေမှာဟာ ပဋိပက္ခဒေသက စစ်ဘေးရှောင်တွေ၊ ပြည်ပမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဘာသာစကား အခက်အခဲကြောင့် ကတ်ပြားလုပ်ဖို့ အခက်အခဲရှိသူတွေ အများဆုံး ပါဝင်နေတာပါ။ ဒါကြောင့် အဲဒီဒေသက ပြည်သူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို အစိုးရအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဇော်လွင်ထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024