ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေဝင်ရောက်သဖြင့် အိမ်ထောင်စု ၈၀ ပြောင်းရွေ့
DVB
·
July 30, 2020
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာအုပ်စုမှာ ချင်းတွင်းမြစ်ရေဝင်ရောက်လို့ ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်မှာ အိမ်ထောင်စု ၈၀ စု ပြောင်းရွေ့နေထိုင်နေရပါတယ်။
ညောင်တောကျေးရွာ၊ ညောင်တော(မြောက်)ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ ကူတုတ်ကျေးရွာတို့မှာ ချင်းတွင်းမြစ်ရေဝင်ရောက်နေလို့ ရေစကြိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၇၀ လောက်က ရွာသားတွေကို ပြောင်းရွေ့ဖို့ ကူညီဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။
ရေစကြိုမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က "ကျေးရွာအတွင်းမှာတော့ မြေရဲ့အနိမ့်အမြင့် အိမ်ရဲ့အနိမ့်အမြင့်ပေါ်မူတည်ပြီးတော့ တချို့နေရာတွေမှာ ရင်ညွန့်လောက်ရောက်ပြီး၊ တချို့နေရာတွေတော့ ပေါင်လောက်ပေါ့ဗျာ အဲဒီလောက်အထိရောက်ပြီ” လို့ ပြောပါတယ်။
မြစ်ရေဝင် နေအိမ်တွေက မိသားစုဝင်တွေ၊ ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန် နွား၊ ဝက် တို့ကို ကျေးရွာအနီးရှိ မြေဖြူ၊ မုံညှင်းကျေးရွာအုပ်စု ဖူလုံကျေးရွာအနီးရှိ မြေကွက်လပ် ကွင်းပြင်မှာပြောင်းရွေ့ပေးပြီး ယာယီတဲတည်ဆောက်ခြင်း၊ အိမ်သာတည်ဆောက်ခြင်းနဲ့ သောက်သုံးရေကန်တွေ တည်ဆောက်ခြင်းလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေကြောင်း ဦးညီညီအောင်က ပြောပါတယ်။
အဆိုပါကျေးရွာတွေရှိ အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၂၂၆ ဦးနဲ့ အိမ်မွေးတိရစ္ဆာန် နွား ၁၆၈ ကောင်နဲ့ ဝက်တွေကို ပြောင်းရွေ့နေရတယ်လို့ ညောင်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဌေးက ပြောပါတယ်။
သတင်း- ကိုလင်း(ချောက်) ဓာတ်ပုံ-ရေစကြို မီးသတ်