Homeမြန်မာသတင်း
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ၄၀ ဝင်ပြိုင်မည်
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ၄၀ ဝင်ပြိုင်မည်
DVB
·
July 30, 2020
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀ ဦး စာရင်းကို ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
TNDP ပါတီအနေနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာ ၉ နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၈ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၂၀ နဲ့ တိုင်းရင်းသားလူမျိုး ဝန်ကြီးနေရာ ၃ နေရာအတွက် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကတော့ ကချင်ပြည်နယ်လွှတ်တော်အတွက် ရှမ်းတိုင်းရင်းသားလူမျိုးနေရာတစ်နေရာနဲ့ ဗမာတိုင်းရင်းသားလူမျိုးနေရာ တစ်နေရာ၊ စစ်ကိုင်းတိုင်းလွှတ်တော်အတွက် ရှမ်းတိုင်းရင်းသားလူမျိုးနေရာ တစ်နေရာတို့ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက်လူငယ် ၃၂ ရာခိုင်နှုန်းကျော်ပါဝင်ပြီးကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ အသက် ၃၅ နှစ်အထက်တွေဖြစ်ပါတယ်။
ပါတီရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေးကို လွှတ်တော်ထဲ တင်ပြရေး၊ မိမိလူမျိုးအမည်ပေါ်ပေါက်မှာ မိမိဒေသတွင်းမှာ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်တွေရတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရေးတို့ ဖြစ်တယ်လို့ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောထားပါတယ်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ လက်ရှိပါတီဝင်ဦးရေ ခန့်မှန်းခြေ ၃၈၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင် ရရှိခဲ့ပါတယ်။
ဓာတ်ပုံ- TNDP