Home
မြန်မာသတင်း
ယာဉ်အန္တရာယ် အသိပညာပေး၊ အရေးယူခြင်းပိုမိုလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်းသည့်အဆို လွှတ်တော်တွင်ဆွေးနွေးမည်  
DVB
·
July 30, 2020
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ မြင့်တက်နေတဲ့အတွက် အသိပညာပေးခြင်း၊ အရေးယူခြင်းတို့ကို အခုထက်ပိုမိုပြီး ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း တောင်တွင်းကြီးမဲဆန္ဒနယ်က ဦးမင်းသိန်းက အဆိုကို တင်သွင်းခဲ့တာပါ။ တစ်နှစ်ထက်တစ်နှစ် မော်တော်ယာဉ် အစီးရေများပြားလာနေသလို ယာဉ် မတော်တဆဖြစ်မှုတွေကလည်း မြင့်တက်လာနေတယ်တဲ့အပြင် နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေရဲ့ သေဆုံးမှုတွေရှိနေတယ်လို့ အဆိုရှင် ဦးမင်းသိန်းက ပြောပါတယ်။ “မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်တွေ သေဆုံးနေရခြင်း အကြောင်းရင်းထဲမှာ ယာဉ်တိုက်မှုကြောင့် လည်းကောင်း၊ ယာဉ်မတော်တဆဖြစ်မှုကြောင့်လည်းကောင်း သေဆုံးနေရပါတယ်။ ဒီအသက်အရွယ်လေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေဖြစ်သော်လည်းပဲ အရွယ်မတိုင်မီ သေဆုံးနေရတာဟာ ဝမ်းနည်းဖွယ်ရာပါ ” လို့ ဦးမင်းသိန်းက ပြောပါတယ်။ အဆိုရှင်ဦးမင်းသိန်းရဲ့ အဆိုတင်ပြဆွေးနွေးမှုမှာ ကိန်းဂဏန်းတွေ ပါဝင်ပေမဲ့ ၂၀၁၉ ခုနှစ်အတွင်းက အချက်အလက်တွေဖြစ်နေတာကိုသာ ထောက်ပြခဲ့သလို အခု ၂၀၂၀ နှစ်အတွင်း ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ဦးမင်းသိန်းရဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က ဦးနေထက်ဝင်းက “ ၂၀၂၀ ခု မတ်လကုန်က စပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရလေအောင် ခရီးသွားလာမှုများကို ကန့်သတ်မှုများထားရှိလာခဲ့ပါတယ်။ ဒါကြောင့် ယာဉ်မတော်တဆမှု လျော့ပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ အနည်းငယ်ဖြေလျှော့မှုတွေပေးခဲ့တဲ့ ဇွန်လကာလကစပြီး မော်တော်ယာဉ် မတော်တဆဖြစ်မှုတွေ လူသေဆုံးမှုတွေကို ပြန်လည်ကြားသိလာရပါတယ်။”လို့ ပြောကြားသွားပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ ဇွန် ၁ ရက်ကနေ  ၃၀ ရက်ညအထိ တစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၃၉ မှု ဖြစ်ပွားခဲ့တယ်လို့လည်း ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လ အတွင်း ယာဉ် မတော်တဆဖြစ်မှုကြောင့် သေဆုံးရသူပေါင်း ၄၃၇၈ ဦးရှိရာမှာ အများစုဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး ၅၆၇ ဦး သေဆုံးခဲ့ရတာပါ။ ပဲခူးတိုင်းက သေဆုံးသူ ၅၃၆ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းက သေဆုံးသူ ၅၀၆ ဦးနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ယာဉ်မတော်တဆဖြစ်မှုကြောင့် လူသေဆုံးမှုလျော့နည်းလာအောင် အသိပညာပေးမှု၊ အရေးယူမှုတွေကိုပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ အတွက် အစိုးရကို တိုက်တွန်းတဲ့ ဦးမင်းသိန်းရဲ့ အဆိုကို ကန့်ကွက်သူမရှိခဲ့တာကြောင့် ပြည်သူ့လွှတ်တော်ကလက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၄ ရက်ကို နောက်ဆုံးထား အမည်စာရင်းတင်သွင်းရမှာလည်း ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024