ရက်ပ်စာသားများဖြင့် ပြန်သီဆိုဆန်းသစ်ထားသည့် တက္ကသိုလ်ထွန်းနောင်၏သီချင်း (ရုပ်သံ)
DVB
·
July 30, 2020
“တက္ကသိုလ်ရောက်တာကြာပြီကွယ်… အတွဲလေးတစ်ယောက်တော့ လိုချင်တယ် … မာမီရယ် ရှာပေးကွယ်… ရည်းစားလိုချင်တယ်”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ရည်းစား လိုချင်တယ်”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းကတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ တချိန်က နာမည်ကြီး ဝါရင့်တေးသံရှင် တက္ကသိုလ်ထွန်းနောင် သီဆိုအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ပြန်ဆိုတေးအဖြစ် လည်း ခေတ်မီနေဆဲ သီချင်းတပုဒ်အဖြစ်လည်း သိထားကြပါတယ်။
ခုတခါမှာတော့ ဒီသီချင်းကို အနုပညာ မျိုးဆက်သစ်တွေရဲ့ ဆန်းသစ်ဖန်တီးသီဆို သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ ရက်ပ်စာသားတွေနဲ့ ပေါင်းစပ်ဖန်တီးထားခဲ့ပြီး လူငယ်မျက်နှာ သစ်မော်ဒယ်လ် ထွန်းဝီရနဲ့ နေမိုးဝင်းတို့က သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
“တက္ကသိုလ်ရောက်တာကြာပြီကွယ်… အတွဲလေးတယောက်တော့လိုချင်တယ်… မာမီရယ် ရှာပေးကွယ်… ရည်းစားလိုချင်တယ်… သူများအတွဲတွေမြင်ရင်ကွယ်… သား သားကလေးမှာ မနေနိုင်တယ်… မာမီရယ် ရှာပေးကွယ်ရည်းစားလိုချင်တယ်… ရုပ်ဆိုး ကြီးလည်း ယူမှာပဲ… မည်းမည်းကြီးလည်း ယူမှာပဲ… မာမီရယ် ရှာပေးကွယ် ရည်းစားလို ချင်တယ်”
မြူးဇစ်ဗီဒီယိုအနေနဲ့ ဇာတ်လမ်းဆင် ရိုက်ကူးထားခဲ့တဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ ထွန်းဝီရ၊ နေမိုးဝင်းတို့နဲ့အတူ နာမည်ကြီး ဟာသသရုပ်ဆောင် ခင်လှိုင် ၊ သရုပ်ဆောင် သဇင်ထူးမြင့် ၊ ဝါရင့်သဘင်ပညာရှင် နန်းခင်မွှေး ၊ ပန်တျာဝေယံဦးနှင့်အဖွဲ့တို့က ဆန်း ပြားတဲ့ ပုံစံတမျိုးနဲ့ ဖန်တီးရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဒီမြူးဇစ်ဗီဒီယိုကိုတော့ 7th Sense Creation က ထုတ်လုပ်လိုက်တာဖြစ်ပြီး လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။