ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အမိန့်များ ဩဂုတ် ၁၅ ရက်အထိ သက်တမ်းတိုး
DVB
·
July 30, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရကထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ အမိန့်တွေ ညွှန်ကြားချက်တွေကို ဩဂုတ် ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။
ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးထားတဲ့ ကိစ္စရပ်တွေမပါ) ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
အမိန့်ကြေညာချက်တွေထဲမှာ ပြည်တွင်းကို နိုင်ငံခြားက ခရီးသည်တင်လေယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်တာ၊ လူစုလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေ ထပ်တိုးနေဆဲဖြစ်ပြီး ဒီနေ့ ဇူလိုင် ၃၀ မနက် ၈ နာရီအထိ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦးရှိပါတယ်။